ရက်ရှ်ဖို့ဒ်တစ်ယောက် ဘာကြောင့်ကစားချိန်နည်းသွားသလဲ ရှင်းပြလာတဲ့ ဟန်စီဖလစ်ခ်
ဘာစီလိုနာနည်းပြ ဟန်ဆီဖလစ်က တောင်ပံကစားသမား မားကပ်စ်ရက်ရှ်ဖို့ဒ်အနေနဲ့ မကြာသေးမီအပတ်တွေအတွင်း ဘာကြောင့် ပွဲထွက်ကစားခွင့် သိပ်မရခဲ့တာလဲဆိုတဲ့ အကြောင်းအရင်းကို ရှင်းလင်းပြောကြားခဲ့ပါတယ်။
အသက် ၂၈ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ရက်ရှ်ဖို့ဒ်ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအစပိုင်းက အသလက်တစ်ကလပ်ကို ၁ ဂိုး - ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ လာလီဂါပွဲစဉ်မှာ နောက်ဆုံးအကြိမ်အဖြစ် ပွဲထွက်ကစားခွင့် ရရှိခဲ့တာ ဖြစ်ပါတယ်။
ဘာစီလိုနာအသင်းဟာ ဆီဗီလာ၊ နယူးကာဆယ်တို့နဲ့ ကစားခဲ့တဲ့ နောက်ဆုံးနှစ်ပွဲမှာ စုစုပေါင်း ၁၂ ဂိုးအထိ သွင်းယူနိုင်ခဲ့ပေမဲ့ ရက်ရှ်ဖို့ဒ်ကတော့ လူစားလဲဝင်ရောက်ကစားခွင့်တောင် မရရှိခဲ့ဘဲ အရန်ခုံမှာပဲ ရှိနေခဲ့ပါတယ်။
လာမယ့် တနင်္ဂနွေနေ့ မှာ ကစားမယ့် ရာယိုဗယ်လီကာနိုနဲ့ ပွဲစဉ်မတိုင်ခင် သတင်းထောက်တွေနဲ့ တွေ့ဆုံရာမှာတော့ ဖလစ်က ရက်ရှ်ဖို့ဒ်နဲ့ ပတ်သက်ပြီး အခုလို ရှင်းပြခဲ့ပါတယ်။
"ရက်ရှ်ဖို့ဒ်လား၊ သူက ပြီးခဲ့တဲ့ရက်ပိုင်းတွေအတွင်းမှာ ကြံ့ခိုင်မှုဆိုင်ရာ ပြဿနာတချို့ ခံစားနေခဲ့ရလို့ပါ။ အဲဒါကြောင့် ကျွန်တော်တို့က သူ့ဒဏ်ရာ အခြေအနေကို သတိထားပြီး ကိုင်တွယ်ခဲ့ရလို့ ပွဲမကစားခိုင်းခဲ့တာပါ။ အခုတော့ သူဟာ ရာနှုန်းပြည့် အဆင်သင့်ဖြစ်နေပါပြီ" လို့ ၎င်းက ဆိုပါတယ်။