The network connection is lost.

Banner Image

လီဗာပူးအတွက် ပြန်ကစားနိုင်ပြီဖြစ်လို့ ဝမ်းမြောက်ပျော်ရွှင်နေတဲ့ ဖရင်းပေါင်

ဖရင်းပေါင်က ရာနှုန်းပြည့်ကြံ့ခိုင်မှုနဲ့အတူ လီဗာပူးအတွက် အပြည့်အဝပြန်ကစားပေးနိုင်ပြီဖြစ်လို့ ဝမ်းမြောက်ပျော်ရွှင်နေပါတယ်။
ခံစစ်အစွန်ကစားသမားက တော့တင်ဟမ်ကို အနိုင်ယူခဲ့တဲ့ စနေနေ့ပွဲစဉ်မှာ ပါဝင်ကစားခြင်းဖြင့် နှစ်လကြာ အနားယူနေရမှုကို အဆုံးသတ်ခဲ့ပါတယ်။
လီဗာပူးအသင်းဝက်ဘ်ဆိုဒ်နဲ့တွေ့ဆုံချိန် ဖရင်းပေါင်က “ ကောင်လေးတွေနဲ့အတူ ပြန်ကစားခွင့်ရရှိသလို နိုင်ပွဲပါရရှိလို့ အရမ်းကောင်းတယ်လို့ ခံစားမိပါတယ်။ ဒါကြောင့် ကောင်းမွန်တဲ့ပြန်လာနိုင်မှုတစ်ခု ဖြစ်ခဲ့ပြီး ကျွန်တော်လည်း အရမ်းပျော်ရွှင်မိပါတယ်။
ဘောလုံးလောကမှာ ဒဏ်ရာပြဿနာဆိုတာ အလွန်စိတ်အနှောင့်အယှက်ဖြစ်စရာကောင်းတဲ့အရာပါ။ ဘောလုံးသမားတွေအတွက် အဆိုးရွားဆုံးအရာက ဒဏ်ရာပြဿနာနဲ့ ရှုံးပွဲတွေ ဖြစ်မယ်လို့ ထင်ပါတယ်။ ဒါပေမဲ့ အဲ့ဒီအရာတွေကပဲ ဘောလုံးရဲ့အစိတ်အပိုင်းတစ်ရပ် ဖြစ်နေပြန်ပါတယ်။ အခုအချိန်မှာ ဘောလုံးပြန်ကစားနိုင်ပြီဖြစ်လို့ ကျွန်တော် ဝမ်းသာပျော်ရွှင်နေပါတယ်”လို့ ပြောပါတယ်။
ဝုဗ်နဲ့ရင်ဆိုင်ရမယ့်ပွဲစဉ်အပေါ် ဖရင်းပေါင်က “ ဘယ်ပြိုင်ဘက်ပဲဖြစ်ဖြစ်၊ ကျွန်တော်ကတော့ အဆင်သင့်ဖြစ်နေအောင် လုပ်သွားရုံပါပဲ။ ဘောလုံးသမားတစ်ဦးဆိုတာ ဘယ်အခြေအနေအတွက်ပဲဖြစ်ဖြစ် အဆင်သင့်ဖြစ်နေသင့်ပါတယ်။ ဒါကြောင့် အသင်းအတွက် အကူအညီဖြစ်မယ်ဆိုရင် ဘာမဆို ကျွန်တော် လုပ်ဆောင်သွားပါမယ်”လို့ ဆက်ပြောပါတယ်။