ဝုဗ်နဲ့ပွဲစဉ်အတွက် စီနီယာကစားသမားရှစ်ဦးလောက်ကို လက်လွှတ်ရဖွယ်ရှိတဲ့ လီဗာပူး
လာမယ့်စနေနေ့မှာ လီဗာပူးက ဝုဗ်နဲ့ရင်ဆိုင်ရမယ့်ပရီးမီးယားလိဂ်ပွဲစဉ်နဲ့အတူ ပြိုင်ပွဲလမ်းကြောင်းဆီ ပြန်လည်ရောက်ရှိလာဖို့ရှိနေပြီး ဒီပွဲစဉ်အတွက် ဘယ်သူ့ကိုအသုံးပြုရမလဲဆိုတာတော့ အတိအကျသိရှိနိုင်ဖို့ စောင့်ဆိုင်းနေရပါတယ်။
ပြီးခဲ့တဲ့စနေနေ့၊ တော့တင်ဟမ်ကို ၂-၁ ဂိုးဖြင့် အနိုင်ယူခဲ့တဲ့ပွဲစဉ်အတွင်း ပြိုင်ဘက်နောက်ခံလူစပန့်ခ်နဲ့ မတော်တဆထိခိုက်မိပြီးနောက် ပထမပိုင်းပွဲချိန်အပြီး လူစားလဲလှယ်ခဲ့ရတဲ့ ကော်နာဘရက်ဒလေရဲ့ ပွဲကစားနိုင်ခြေကို ၅၀ ရာခိုင်နှုန်းမျှသာ သတ်မှတ်ထားတယ်လို့ အန်းစလော့ရဲ့အဆိုအရ သိရပါတယ်။
ဒါ့အပြင် ကြွက်သားဒဏ်ရာကြောင့် နောက်ဆုံးသုံးပွဲဆက်လွဲချော်ခဲ့တဲ့ ကိုဒီဂတ်ပိုလည်း အလားတူအခြေအနေမျိုးမှာသာ ရှိနေပါသေးတယ်။ ဒီကစားသမားနှစ်ဦးက ဝုဗ်နဲ့ပွဲစဉ်ကို လွဲချော်မယ်ဆိုရင် လာမယ့်နှစ်သစ်ကူးနေ့၊ လိဒ်နဲ့အိမ်ကွင်းပွဲစဉ်မှာ ပါဝင်ကစားနိုင်ဖွယ် ရှိပါတယ်။
ကြံ့ခိုင်မှုပြည့်ဝနိုင်မယ်လို့ မျှော်လင့်ရတဲ့ကစားသမားတစ်ဦးကတော့ တော့တင်ဟမ်နဲ့ပွဲစဉ်ရဲ့ပွဲချိန်နှောင်းပိုင်းမှာ လူစားလဲလှယ်ခဲ့ရတဲ့ ဖလော်ရီယန်ဝစ်ဇ်ပဲ ဖြစ်ပါတယ်။ သူရဲ့ပြဿနာက ကြွက်တက်ခြင်းသာဖြစ်ပြီး ပြင်းထန်မှုမရှိပါဘူး။
ဒါပေမဲ့ အီဆက်ခ်ကတော့ ပြင်းထန်ခြေထောက်အရိုးကျိုးဒဏ်ရာနဲ့အတူ ကာလရှည်အနားယူသွားရပါလိမ့်မယ်။
ဂျိုးဂိုးမက်ဇ်က ကြွက်သားဒဏ်ရာကြောင့် အနားယူနေရဆဲဖြစ်ပြီး ခြေကျင်းဝတ်ဒဏ်ရာကြောင့် အန်ဒိုလည်း မကစားနိုင်သေးသလို ဆိုဘိုဆလိုင်းကိုလည်း ပွဲပယ်ပြစ်ဒဏ်ကြောင့် လက်လွှတ်ထားရပါတယ်။
မော်ရိုကိုနိုင်ငံမှာကျင်းပနေတဲ့ အာဖရိကနိုင်ငံများဖလားပြိုင်ပွဲဆီ မိုဆာလက် ရောက်ရှိနေသလို ဆယ်ကျော်သက်လူငယ်ခံစစ်မှူးလီယိုနီလည်း စက်တင်ဘာလအတွင်း ဒူးအရွတ်စုတ်ပြဲဒဏ်ရာရရှိခဲ့မှုကြောင့် ရာသီကုန်အထိ အနားယူနေရပါတယ်။
အန်းစလော့က “ ကျွန်တော်တို့မှာရှိနေတဲ့ကစားသမားတွေကိုယ်တိုင် အကြိမ်ပေါင်းများစွာ လုပ်ဆောင်ခဲ့သလိုမျိုးပဲ ကိုယ့်ရဲ့ကစားသမားတွေသာမက ပရိသတ်တွေကိုပါလက်တွဲခေါ်ပြီး လိုချင်တဲ့ရလဒ်တွေပေါ်ထွက်လာအောင် အကောင်းဆုံးနည်းလမ်းနဲ့ကူညီပေးရမယ့် အချိန်ရောက်ရှိလာပါပြီ။
ဒါကြောင့် လက်ရှိကျန်ရှိနေတဲ့ကစားသမားတွေကိုယ်တိုင် ပရိသတ်တွေနည်းတူ သူတို့မှာရှိတဲ့အရာရာတိုင်းကို ပေးဆပ်သွားကြဖို့ လိုအပ်နေပါပြီ။
ကျွန်တော်တို့ရဲ့ဒဏ်ရာပြဿနာအများစုက ပွဲပန်းမှုနဲ့ မသက်ဆိုင်ပါဘူး။ အီဆက်ခ်ရဲ့ဒဏ်ရာကို ကြည့်မယ်ဆိုရင် ကစားသမားရဲ့ပွဲပန်းမှုနဲ့ ဘာမှမသက်ဆိုင်ပါဘူး။ အန်ဒိုဆိုလည်း အလားတူပါပဲ။
ပွဲပန်းမှုနဲ့ချိတ်ဆက်နေတဲ့ ပြဿနာ တစ်ခု(သို့မဟုတ်)နှစ်ခုလောက်တော့ ရှိပါတယ်။ ဂတ်ပိုဆိုရင် ကြွက်သားဒဏ်ရာပြဿနာရှိနေသလို ဂျိုးဂိုးမက်ဇ်အတွက်လည်း အလားတူလို့ပဲ ပြောရပါလိမ့်မယ်”လို့ ဆိုပါတယ်။