The network connection is lost.

Banner Image

လီဗာပူးကိုအံ့အားသင့်ဖွယ်အနိုင်ယူပြီးနောက် အခုလိုနိုင်ပွဲမျိုးနဲ့အမြဲတမ်းကျင့်သားရချင်မိတယ်လို့ ဆိုလိုက်တဲ့ နည်းပြအက်ဒဝပ်က

အင်္ဂါညပိုင်း၊ လီဗာပူးကို အံ့အားသင့်ဖွယ်အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ မိမိကိုယ်ကိုယ်ယုံကြည်မှုရှိနေခြင်းက အဓိကသော့ချက်ပဲလို့ ဝုဗ်အသင်းနည်းပြရော့ဘ်အက်ဒဝပ်က ဆိုပါတယ်။

ဒီပွဲရဲ့ပွဲချိန် ၇၈ မိနစ်မှာ ရိုဒရီဂိုဂိုးမက်စ်က ဝုဗ်အတွက် ဦးဆောင်ဂိုးသွင်းယူပေးခဲ့ပြီး ငါးမိနစ်အကြာမှာပဲ မိုဆာလက်က လီဗာပူးအတွက် ချေပဂိုးပြန်သွင်းခဲ့ပါတယ်။ ဒါပေမဲ့ နာကျင်အချိန်ပိုနောက်ဆုံးမိနစ်မှာ အန်ဒရေက ဝုဗ်အတွက် အဖိုးတန်အနိုင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။
အက်စတွန်ဗီလာနဲ့ဒါဘီပွဲစဉ်အနိုင်ရရှိမှုအပြီး ရက်ပိုင်းအတွင်းမှာပဲ အခုနိုင်ပွဲထပ်မံရရှိလို့ အက်ဒဝပ်က "ဒီလိုပွဲမျိုးတွေက ကျွန်တော့်နှလုံးအတွက်တော့ သိပ်မကောင်းလှပေမဲ့ ဒီလိုခံစားချက်မျိုးကိုတော့ ကျင့်သားရအောင် အမြဲတမ်းရယူထားချင်ပါတယ်။ တကယ်ကို ကောင်းမွန်တဲ့ခံစားချက်ဖြစ်ပါတယ်။ ပွဲအစပိုင်းမှာ ကျွန်တော်တို့ ဘောလုံးကို ကောင်းကောင်းထိန်းချုပ်ကစားနိုင်ခဲ့တယ်လို့ ထင်ပါတယ်" ပွဲအပြီးမှာ မှတ်ချက်ပေးပြောကြားခဲ့ပါတယ်။

"ကျွန်တော်တို့ အခွင့်အရေးတချို့ရခဲ့ပေမဲ့ ပွဲချိန်ကြာလာတာနဲ့အမျှ လီဗာပူးက ပွဲကို ပိုပြီးထိန်းချုပ်လာနိုင်ခဲ့ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ လိုချင်သလောက် ဘောလုံးမကိုင်နိုင်ခဲ့ပါဘူး။ ဒါဟာ လီဗာပူးရဲ့ အရည်အသွေးပါပဲ။ ကျွန်တော်တို့ဘက်က ပြင်ဆင်ရမယ့်၊ တိုးတက်အောင် လုပ်ရမယ့်အပိုင်းတွေလည်း အများကြီးရှိပါသေးတယ်။ ဒါပေမဲ့ ပထမပိုင်းမှာ ဂိုးမရှိသရေဖြစ်နေခဲ့တာက ကျွန်တော်တို့မျှော်လင့်ထားတဲ့ အခြေအနေတစ်ခုပါပဲ။ တကယ်တော့ နိုင်နေရင် ပိုကောင်းတာပေါ့၊ ဒါပေမဲ့ ပွဲထဲမှာ ဆက်ရှိနေဖို့က အရေးကြီးပါတယ်။ ဘာလို့လဲဆိုတော့ ဒုတိယပိုင်းမှာ ကျွန်တော်တို့ ပိုကောင်းလာမယ်၊ ပိုပြီး ဖိအားပေးလာနိုင်မယ်လို့ ယုံကြည်လို့ပါ။ များသောအားဖြင့်လည်း ကျွန်တော်တို့ပွဲတွေက ဒုတိယပိုင်းရောက်ရင် ပိုပြီး အရှိန်တက်လာလေ့ရှိပါတယ်"

"ဒုတိယပိုင်းမှာ ပြိုင်ဘက်အသင်းတွေဖိအားတွေများလာချိန် ကစားကွက်ပိုင်းလစ်ဟင်းလာပြီး နေရာလွတ်တွေ ပိုရလာတတ်ပါတယ်။ အခုပွဲလည်း အဲဒီအတိုင်းပဲ ဖြစ်သွားခဲ့တာပါ" လို့ ၎င်းက ဆက်ပြောပါတယ်။

အသင်းကစားသမားတွေအကြား စိတ်ဓာတ်ပိုင်းဆိုင်ရာတိုးတက်မှုကိုလည်း အက်ဒဝပ်က အသိအမှတ်ပြုခဲ့ပါတယ်။ "ဒါဟာ ယုံကြည်မှုတင်မက ကြိုးစားအားထုတ်မှုလည်း ပါဝင်ပါတယ်။ အခုလို ရလဒ်ကောင်းတွေ ရလာချိန်မှသာ လူတွေ ပိုပြီး သတိထားမိလာကြပါမယ်။ ဘောလုံးပွဲတစ်ပွဲ၊ အထူးသဖြင့် ဒီလိုအဆင့်အတန်းမျိုးမှာ ရလဒ်ကောင်းရဖို့ ဘယ်လောက်အထ ကြိုးစားရလဲဆိုတာနားလည်ဖို့ အချိန်တစ်ခုယူခဲ့ရပါတယ်"

"ကျွန်တော်တို့ အသင်းဆီစတင်ရောက်ရှိလာချိန်နဲ့ အခုအချိန် ကြိုးစားအားထုတ်မှုအဆင့်အတန်းက သိသိသာသာ ကွာခြားသွားပါပြီ။ လောလောဆယ် ကျွန်တော်တို့မှာ လူအင်အားသိပ်မရှိပေမဲ့ အားလုံးကတော့ စည်းစည်းလုံးလုံးနဲ့ ရှိနေကြပါတယ်။ လူငယ်ကစားသမားတချို့ ပွဲချိန်သိပ်မရသေးတာရှိပေမဲ့ လက်ရှိမှာ အားလုံးက ကြံ့ခိုင်မှုပြည့်ဝနေလို့ အသင်းမှာ ပါဝင်နေသလို ခံစားရပါလိမ့်မယ်။ အခုတော့ အားလုံး ကောင်းမွန်နေပါတယ်"

"ကျွန်တော်တို့မှာ တစ်ဦးအတွက်တစ်ဦး တိုက်ပွဲဝင်ပေးတဲ့၊ အစွမ်းကုန်ကြိုးစားကြတဲ့၊ စည်းလုံးတဲ့ အဖွဲ့အစည်းတစ်ခု ရှိနေပါပြီ။ ကျွန်တော်တို့တွေက အများယူဆထားသလောက် မညံ့ဘူးဆိုတာကိုလည်း ပြသနိုင်ခဲ့ပါပြီ" လို့ ပြောကြားသွားခဲ့ပါတယ်။