ဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်မှာတင် မိုဆာလက် ထွက်ခွာသွားနိုင်တယ်လို့ ဖွင့်ဟလာတဲ့ ကာရေဂါ
လီဗာပူးနောက်ခံလူဟောင်းကာရေဂါက မိုဆာလက်ဟာ ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာတင် မာဆေးဆိုဒ်ကလပ်အသင်းမှ ထွက်ခွာသွားနိုင်တယ်လို့ အတိအလင်းပြောဆိုလိုက်ပါတယ်။
ပြီးခဲ့တဲ့သီတင်းပတ်၊ ဘရိုက်တန်နဲ့ပွဲစဉ်အတွက် လီဗာပူးအသင်းလူစာရင်းမှာ မိုဆာလက်ကိုထည့်သွင်းဖို့ အန်းစလော့ကိုယ်တိုင် ဆုံးဖြတ်ခဲ့ပြီးနောက် အခုရာသီ၊ ရှုပ်ထွေးမှုတွေ ကြုံတွေ့နေရတဲ့ကလပ်အသင်းအတွက် လမ်းကြောင်းမှန်ပေါ်ရောက်ရှိစေမယ့် ခြေလှမ်းတစ်ရပ် ဖြစ်လာခဲ့ပါတယ်။
အခုနှစ်၊ ဧပြီလအတွင်း နှစ်နှစ်သက်တမ်းတိုးစာချုပ်တစ်ရပ်ကိုသာ လက်မှတ်ရေးထိုးထားတဲ့ မိုဆာလက်က ပရီးမီးယားလိဂ်ချန်ပီယံဆုနှစ်ကြိမ်တိုင်တိုင် ရရှိထားပြီး မကြာသေးမီကာလအတွင်းပေါ်ပေါက်ခဲ့တဲ့ ဖြစ်စဉ်တွေကြောင့် ဇန်နဝါရီလမှာတင် အသင်းမှထွက်ခွာဖို့ ရေပန်းစားလာခဲ့ပါတယ်။
ဆွေးနွေးခန်းအစီအစဉ်တစ်ခုမှာတော့ ကာရေဂါက အခြေအနေအရပ်ရပ်ကို တွေးတောဆင်ခြင်ပြီးနောက် တောင်ပံကစားသမားကို ကြိုးကြာနီတို့ လက်လွှတ်သွားနိုင်တယ်လို့ ယုံကြည်လာခဲ့ပါတယ်။
ကာရေဂါက “ လီဗာပူးသာ သူတို့လိုချင်တဲ့ငွေကြေးပမာဏမျိုး ရရှိမယ်ဆိုရင် မိုဆာလက်ကို လက်လွှတ်ခံလိုက်ဖို့ ဆုံးဖြတ်လိမ့်မယ်လို့ ထင်ပါတယ်။ စိတ်ရှုပ်စရာအခက်အခဲတွေကို သူတို့ မစဉ်းစားချင်ကြဘူးလို့ ထင်ပါတယ်။
ကျွန်တော်လည်း မိုဆာလက်ကို အသင်းမှာ ဆက်ရှိနေစေချင်ပါတယ်။ မိုဆာလက်က အခုမှစပြီး ရာသီကုန်အထိ အကျိုးသက်ရောက်မှုတစ်ခု ထင်ထင်ရှားရှားပြသပြီး အကောင်းဆုံးနှုတ်ဆက်သွားနိုင်တယ်လို့ ထင်ပါတယ်”လို့ ပြောပါတယ်။
အာဖရိကနိုင်ငံများဖလားပြိုင်ပွဲအတွက် အီဂျစ်လက်ရွေးစင်အသင်းနဲ့ ပူးပေါင်းနေချိန် မိုဆာလက်အတွက် အပြောင်းအရွှေ့ကောလာဟလတွေ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်လာပါတယ်။ ဒါ့အပြင် မိုဆာလက်က လီဗာပူးရဲ့လာမယ့်ပရီးမီးယားလိဂ်ပွဲစဉ်သုံးခုကို သေချာပေါက်လွဲချော်သွားပါလိမ့်မယ်။
ဆော်ဒီပရိုလိဂ်ကလပ်အသင်းတွေရဲ့တမ်းတမ်းစွဲ အီဂျစ်ဘုရင်ကြီးက လာမယ့်လတွေမှာ သူ့ရဲ့အနာဂတ်နဲ့ပတ်သက်ပြီး အချိန်ယူစဉ်းစားသွားဖို့ ရှိနေပါတယ်။ ဇန်နဝါရီလမှာတင် မိုဆာလက်ကို ရောင်းချလိုက်ခြင်းဟာ မိုဆာလက်အတွက် အန်ဖီးလ်ကွင်းမှာ ထိုက်တန်တဲ့နှုတ်ဆက်မှုတစ်ခု ရရှိစေမယ့် အခွင့်အလမ်းကို ဆုံးရှုံးသွားစေနိုင်ပေမယ့် ကာရေဂါကတော့ နောက်ထပ်ဒရာမာဇာတ်လမ်းတွေကို ကြိုးကြာနီတို့ ထပ်မလိုချင်တော့ဘူးလို့ ယုံကြည်နေပါတယ်။