The network connection is lost.

Banner Image

အံ့အားသင့်စရာ ရှုံးနိမ့်မှုကို မေ့ဖျောက်ပြီး ရှေ့ဆက်နိုင်ဖို့အတွက် စိတ်အားထက်သန်နေတဲ့ မာတီနက်ဇ်

ရော်ဘတ်တိုမာတီနက်ဇ်က စီရော်နယ်ဒိုထုတ်ပယ်ခံရမှုနဲ့အတူ Aviva ကွင်းမှာ အိုင်ယာလန်ကို ၂-၀ ဂိုးဖြင့် အရေးနိမ့်ခဲ့တဲ့ ပေါ်တူဂီရဲ့ရှုံးပွဲကို မေ့ဖျောက်ပစ်ရမယ့်ပွဲစဉ်တစ်ခုလို့ ခေါ်ဆိုခဲ့ပါတယ်။
အခုပွဲစဉ်မှာ ရှုံးနိမ့်ခဲ့လို့ ပေါ်တူဂီက လာမယ့်နှစ်၊ ကမ္ဘာ့ဖလားပြိုင်ပွဲတိုက်ရိုက်ဝင်ခွင့်နဲ့ လွဲချော်သွားပါတယ်။ ဒါပေမဲ့ သူတို့အတွက် လာမယ့်တနင်္ဂနွေနေ့၊ အာမေးနီးယားနဲ့ပွဲစဉ်မှာ ကြိုးစားနိုင်မယ့်အခွင့်အရေးတစ်ရပ်တော့ ကျန်ရှိနေပါသေးတယ်။
ကမ္ဘာ့ဖလားခြေစစ်ပွဲအဆင့်မှာ ပထမဆုံးအကြိမ်ရှုံးပွဲကြုံတွေ့ခဲ့တဲ့ ရော်ဘတ်တိုမာတီနက်ဇ်က ရှုံးနိမ့်မှုမှအမြန်ဆုံးပြန်ရုန်းထွက်နိုင်ဖို့ သူ့အသင်းအတွက် မဖြစ်မနေလိုအပ်နေတယ်လို့ ဝန်ခံပြောဆိုခဲ့ပါတယ်။
RTP သတင်းဌာနနဲ့တွေ့ဆုံချိန် ပေါ်တူဂီအသင်းနည်းပြက “ မေ့ဖျောက်ပစ်ရမယ့် ပွဲစဉ်တစ်ခုပါ။ ဘောလုံးလောကမှာ ဒါမျိုး ဖြစ်လေ့ဖြစ်ထရှိပါတယ်။
အရာရာတိုင်း တလွဲတချော်ဖြစ်ပြီး မှားယွင်းသွားခဲ့ပါတယ်။ အိုင်ယာလန်အတွက်တော့ အဆင်ပြေသွားတာပေါ့။ တည်ကန်ဘော (Set-piece)၊ တိုက်စစ်ခံစစ်ကူးပြောင်းမှု၊ ထောင့်ကန်ဘောသွင်းဂိုးတွေအကြောင်း စကားတွေ အများကြီးပြောဖြစ်ပါတယ်။
ကျွန်တော်တို့အတွက် ရည်မှန်းချက်ပျောက်ဆုံးနေခဲ့ပါတယ်။ ကျွန်တော်တို့က လက်ကျန်ကစားသမား ၁၀ ဦးနဲ့အတူ အဆုံးသတ်ချိန်အထိ တိုက်ပွဲဝင်မှုကို ပြသသွားခဲ့ပြီး နောက်ဆုံးမိနစ်အထိ အသည်းပေါက်အောင် ကစားသွားခဲ့ပါတယ်။ ဒါပေမဲ့ အိုင်ယာလန်အတွက်လည်း ထိုက်တန်တဲ့နိုင်ပွဲတစ်ခု ဖြစ်ခဲ့ပါတယ်။
အိုင်ယာလန်အသင်းရရှိခဲ့တဲ့ ဘောလုံးကွင်းအစွမ်းသတ္တိကို ကျွန်တော်တို့လည်း မဖြစ်မနေလိုအပ်ခဲ့ပါတယ်။ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ကျွန်တော်တို့တည်ရှိမှုကို အတည်ပြုပေးနိုင်ဖို့ ခြေစစ်ပွဲအဆင့်နောက်ဆုံးပွဲစဉ်အပေါ် အားကိုးအားထားပြုနိုင်မယ်ဆိုတာ ကျွန်တော်တို့အားလုံး သိရှိထားကြပါတယ်”လို့ ပြောပါတယ်။
အခုပွဲစဉ်ရဲ့ပွဲချိန်တစ်နာရီဝန်းကျင်မှာ ပြိုင်ဘက်ကစားသမားဒါရာအိုးရှားအပေါ် တံတောင်ဖြင့် ထုနှက်ခဲ့တယ်ဆိုပြီး VAR အတည်ပြုချက်နဲ့အတူ စီရော်နယ်ဒိုကို ထုတ်ပယ်ခဲ့ပါတယ်။
အခုအနီကတ်ပြစ်ဒဏ်ကြောင့် ပွဲပယ်ပြစ်ဒဏ်ချမှတ်ခံရနိုင်မှုက စီရော်နယ်ဒိုရဲ့ ၂၀၂၆ ကမ္ဘာ့ဖလားပါဝင်ယှဉ်ပြိုင်ခွင့်ကိုလည်း ထိခိုက်စေနိုင်ပါတယ်။
သူက လာမယ့်တနင်္ဂနွေနေ့၊ အာမေးနီးယားနဲ့ပွဲစဉ်ကို သေချာပေါက်လွဲချော်ဖို့ ရှိနေပြီး စည်းကမ်းထိန်းသိမ်းရေးကော်မတီမှချမှတ်တဲ့ နောက်ထပ်ပြစ်ဒဏ်တွေသာ ရှိလာရင် လာမယ့်နှစ်၊ ပြိုင်ပွဲစတင်ချိန်အထိ သူ့အပေါ် သက်ရောက်မှုရှိလာနိုင်ပါတယ်။
ဒါပေမဲ့ မာတီနက်ဇ်ကတော့ တိုက်စစ်မှူးရဲ့လုပ်ရပ်နောက်ကွယ်မှာ မကောင်းတဲ့ရည်ရွယ်ချက်မျိုး မရှိဘူးလို့ ယုံကြည်နေပါတယ်။
မာတီနက်ဇ်က “ အမှန်ပါပဲ၊ ကျွန်တော်တို့တွေ စကားပြောခဲ့ပြီးပါပြီ။ အခုလိုအခြေအနေမျိုးက ပြိုင်ဘက်ဂိုးဧရိယာထဲမှာရှိနေတဲ့ စီရော်နယ်ဒိုလိုကစားသမားအတွက် အခက်အခဲရှိမယ်လို့ ထင်ပါတယ်။
ပြီးတော့ ဒီနေ့မှာဆိုရင် စီရော်နယ်ဒိုက ပြိုင်ဘက်ခံစစ်မှူးနှစ်ဦးနဲ့ ရုပ်ပိုင်းဆိုင်ရာထိတွေ့မှုတွေ အဆက်မပြတ်ရှိနေခဲ့ပါတယ်။ ကိုယ်ထိလက်ရောက်ကျူးလွန်မှုမျိုး လုံးဝမရှိပါဘူး။ သူက ခံစစ်မှူးကို တွန်းထုတ်ဖို့ ကြိုးစားခဲ့ခြင်းသာဖြစ်ပြီး VAR ကြောင့် ကံမကောင်းခဲ့ပါဘူး။
ပုံရိပ်တွေဖော်ပြပေးထားတဲ့ ရှုထောင့်က တကယ့်လက်တွေ့ဖြစ်ရပ်ထက် ပိုဆိုးပါတယ်။ ဒါက စီရော်နယ်ဒိုရဲ့လက်ရွေးစင်ကစားသမားဘ၀ ပထမဆုံးအနီကတ်ပါ။ မယုံကြည်နိုင်စရာကောင်းပါတယ်”လို့ ထပ်လောင်းပြောကြားခဲ့ပါတယ်။