အိုင်ယာလန်နဲ့ပွဲမှာ အနီကတ်ပြခံရလို့ ကမ္ဘာ့ဖလားအုပ်စုပွဲစဉ်ကို လွဲချော်ဖွယ်ရှိနေတဲ့ ရော်နယ်ဒို
ခရစ္စတီယာနိုရော်နယ်ဒိုဟာ အိုင်ယာလန်ကို ၂-၀ နဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲမှာ လက်ရွေးစင်ကစားသမားဘ၀ ပထမဆုံးအကြိမ် အနီကတ်ပြခံရပြီးနောက် ၂၀၂၆ ကမ္ဘာ့ဖလား အုပ်စုအဖွင့်ပွဲစဉ်ကို ပွဲပယ်ခံရနိုင်တဲ့ အန္တရာယ်နဲ့ ရင်ဆိုင်နေရပါတယ်။
ပွဲချိန် ၆၁ မိနစ်မှာ ရော်နယ်ဒိုဟာ အိုင်ယာလန်နောက်ခံလူ ဒါရာအိုရှေးကို ဘောလုံးနဲ့ ဝေးရာမှာ တံတောင်နဲ့တွတ်ခဲ့တာကြောင့် အနီကတ်ပြခံခဲ့ရပါတယ်။
အစပိုင်းမှာ အဝါကတ်ပြခဲ့ပေမဲ့ VAR ကနေ ကွင်းဘေးမော်နီတာမှာ ပြန်ကြည့်ဖို့ တိုက်တွန်းခဲ့ပြီး ကွင်းလယ်ဒိုင်က အနီကတ်အဖြစ် ပြောင်းလဲခဲ့ပါတယ်။
အယ်လ်နာဆာတိုက်စစ်မှူးဟာ တနင်္ဂနွေနေ့ အာမေးနီးယားနဲ့ ကစားမယ့်ပွဲမှာ ပွဲပယ်ပြစ်ဒဏ်ကျခံရမှာဖြစ်ပါတယ်။
ဒီပွဲကိုနိုင်ရင် ပေါ်တူဂီဟာ အမေရိကန်၊ ကနေဒါနဲ့ မက္ကဆီကိုတို့မှာကျင်းပမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲကို ဝင်ခွင့်ရရှိမှာဖြစ်ပါတယ်။
ဖီဖာရဲ့စည်းမျဉ်းတွေအရ ဒိုင်လူကြီးတွေအနေနဲ့ "ပြင်းထန်တဲ့ ပြစ်ဒဏ်ကျူးလွန်မှုအတွက် အနည်းဆုံး ၂ ပွဲ ပယ်ပြစ်ဒဏ်" ကို ချမှတ်ရမှာဖြစ်ပါတယ်။
ပြစ်ဒဏ်ချမှတ်မှုဟာ "အကြမ်းဖက်လုပ်ရပ်အတွက် အနည်းဆုံး ၃ ပွဲ" ဒါမှမဟုတ် "တံတောင်နဲ့တွတ်ခြင်းအပါအဝင် တိုက်ခိုက်မှုအတွက် အနည်းဆုံး ၃ ပွဲ သို့မဟုတ် သင့်လျော်တဲ့အချိန်ကာလတစ်ခု" ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
ဖီဖာရဲ့ပွဲပယ်ဒဏ်ဟာ အရေးပါတဲ့ပွဲစဉ်တွေမှာသာ အကျုံးဝင်ပြီး ပြိုင်ပွဲမတိုင်ခင် ခြေစမ်းပွဲတွေမှာတော့ ကျခံရမှာမဟုတ်ပါဘူး။