The network connection is lost.

Banner Image

အဲဗာတန်အတွက် ပထမဆုံးအကြိမ် ဂိုးသွင်းနိုင်ခဲ့လို့ ဝမ်းသာမိကြောင်းပြောကြားလာတဲ့ ဂရီးလစ်ရှ်

တနင်္ဂနွေနေ့ညက ခရစ္စတယ်ပဲလေ့စ်ကို ၂-၁ နဲ့အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ အဲဗာတန်အတွက်နောက်ကျအနိုင်ဂိုးကို သွင်းယူပေးခဲ့တဲ့ တောင်ပံကစားသမား ဂျက်ခ်ဂရီးလစ်ရှ်က အသင်းအတွက် ပထမဆုံးအကြိမ်ဂိုးသွင်းယူနိုင်ခဲ့လို့ ဝမ်းသာပျော်ရွှင်မိကြောင်းပြောကြားလာခဲ့ပါတယ်။ 

ပြီးခဲ့တဲ့နွေရာသီမှာ မန်စီးတီးမှထွက်ခွာပြီး အဲဗာတန်သို့ တစ်ရာသီအငှားစာချုပ်နဲ့ရောက်လာခဲ့တဲ့ ဂရီးလစ်ရှ်ဟာ အသင်းသစ်မှာ ခြေစွမ်းပြန်မှန်လာခဲ့ပြီး  ပြီးခဲ့တဲ့ ဩဂုတ်လကလည်း ပရီးမီးယားလိဂ်တစ်လတာအကောင်းဆုံးကစားသမားဆုကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ အင်္ဂလန်ကြယ်ပွင့်ဟာ ဒီရာသီ အဲဗာတန်ရဲ့ ပြိုင်ပွဲစုံပွဲစဉ် ၉ ပွဲစလုံးကို ပါဝင်ကစားထားသလို ပရီးမီးယားလိဂ်မှာ ဂိုးဖန်တီးမှု ၄ ကြိမ်ပြုလုပ်ထားကာ ယခု ခရစ္စတယ်ပဲလေ့စ်နဲ့ပွဲစဉ်မှာ ပထမဆုံးအကြိမ် ဂိုးသွင်းနိုင်ခဲ့ပါတယ်။ 

ပွဲအပြီးမှာတော့ ဂရီးလစ်ရှ်က "အသင်းအတွက် ကျွန်‌တော်ပထမဆုံးဂိုးသွင်းယူနိုင်ခဲ့လို့ လပေါ်မှာလမ်းလျှောက်နေရသလို ပျော်ရွှင်မိပါတယ်။ နောက်ဆုံးမိနစ်တွေကျမှအနိုင်ဂိုးသွင်းနိုင်ခဲ့တာ မယုံနိုင်စရာပါ။ ကျွန်တော် ဗီလာ၊ ဝက်စ်ဟမ်းတို့နဲ့ပွဲတွေမှာ နောက်ဆုံးမိနစ်မှာ ဂိုးသွင်းနိုင်ဖို့ကြိုးစားခဲ့ပေမယ့် ဒီနေ့မှပဲ သွင်းနိုင်ခဲ့ပါတယ်။ ပရိသတ်တွေရဲ့ တခဲနက်အားပေးမှုကြောင့်လည်း ကျေးဇူးတင်ပါတယ်" လို့ပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီး အင်္ဂလန်သားက "ရိုးရိုးသားသားပြောရမယ်ဆိုရင် ခရစ္စတယ်ပဲလေ့စ်ကလည်း တကယ်ကောင်းတဲ့အသင်းပါ။ သူတို့ကောင်းမှန်းသိပေမယ့် ဒီနေ့ပွဲရဲ့ပထမပိုင်းမှာ တော်တော်လေးပိုကောင်းခဲ့ပါတယ်။ ဒုတိယပိုင်းမှာတော့ ကျွန်တော်တို့ ကစားကွက်အပြောင်းအလဲတွေပြုလုပ်ခဲ့ပြီး လူစားလဲမှုတွေကလည်း ထိရောက်ခဲ့ပါတယ်။  ပရိသတ်တွေကလည်း ဒုတိယပိုင်းမှာ ပိုအားပေးခဲ့ကြလို့ အခုလိုနိုင်ပွဲရခဲ့တာပါ" လို့ထပ်လောင်းပြောကြားခဲ့ပါတယ်။ 

ဂရီးလစ်ရှ်အနေနဲ့ အဲဗာတန်အတွက် တောက်လျှောက်ခြေစွမ်းပြပြီး ယခုအခါမှာ ဂိုးတွေပါသွင်းလာနိုင်ပေမယ့် သောမတ်စ်တူချယ်လ်ရဲ့အင်္ဂလန်လူစာရင်းထဲမှာတော့ ရွေးချယ်ခြင်းမခံခဲ့ရပါဘူး။