The network connection is lost.

Banner Image

လီယွန်နယ် မက်ဆီနဲ့ တူညီတဲ့ အရည်အသွေးတစ်ခု ရှိကြောင်းပြောကြားလိုက်တဲ့ အေစီမီလန်တောင်ပံကစားသမား ပူလီဆစ်

အမေရိကန်လက်ရွေးစင်ကြယ်ပွင့် ခရစ်ရှန် ပူလီဆစ်က အာဂျင်တီးနားရဲ့ GOAT လို့ တင်စားခံရတဲ့ လီယွန်နယ် မက်ဆီနဲ့ တူညီတဲ့ အရည်အသွေးတစ်ခုရှိကြောင်း ရှင်းပြသွားခဲ့ပါတယ်။ အမေရိကန်လက်ရွေးစင်ကစားသမားဟာ ဘော်လွန်းဒီအော် ၈ ကြိမ်ရ မက်ဆီနဲ့ ကွင်းအတွင်း ကစားတဲ့နေရာချင်း ဆင်တူသူဖြစ်ပြီး နည်းပြတွေနဲ့ အသင်းဖော်တွေက သူတို့နှစ်ဦးဆီကနေ တိုက်စစ်ပိုင်းဆိုင်ရာ ဖန်တီးမှုတွေကို အမြဲမျှော်လင့်လေ့ရှိပါတယ်။ ပူလီဆစ်ကလည်း ဒီလိုတာဝန်ယူရတဲ့ အခန်းကဏ္ဍကို နှစ်ပေါင်းများစွာ လက်ခံခဲ့ပြီး ဘောလုံးသမိုင်းရဲ့ အကောင်းဆုံးကစားသမားကြီးတစ်ဦးလိုပဲ ပွဲအပေါ် ဘယ်လိုလွှမ်းမိုးရမလဲဆိုတာကို သူသင်ယူခဲ့ပြီးဖြစ်တယ်လို့ ယုံကြည်နေပါတယ်။

ပူလီဆစ်ရဲ့ ဖန်တီးနိုင်စွမ်းနဲ့ အသင်းအတွက် အလုပ်ကြိုးစားလိုစိတ်ကို ဘွန်ဒက်စ်လီဂါထိပ်သီးကလပ် ဒေါ့မွန်မှာ စတင်ကစားစဉ်ကတည်းက အားလုံးက အသိအမှတ်ပြုခဲ့ကြပါတယ်။ အဲ့ဒီနောက်မှာတော့ သူဟာ ချဲလ်ဆီးအသင်းနဲ့အတူ ချန်ပီယံလိဂ်ဖလားကို ဆွတ်ခူးပြီး သမိုင်းသစ်ရေးထိုးနိုင်ခဲ့ကာ ၂၀၂၃ ခုနှစ် နွေရာသီမှာ အီတလီမြေကို ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။

မီလန်အသင်းမှာလည်း သူဟာ အထင်ကြီးစရာကောင်းတဲ့ ကိန်းဂဏန်းတွေကို ပြနိုင်ခဲ့ပြီး သူ့ရဲ့ တစ်ရာသီအတွင်း အကောင်းဆုံး ဂိုးသွင်းမှတ်တမ်းကို ၁၅ ဂိုး၊ ပြီးခဲ့တဲ့ရာသီမှာဆိုရင် ၁၇ ဂိုးအထိ တိုးမြှင့်နိုင်ခဲ့ပါတယ်။ ဒီရာသီမှာလည်း ပူလီဆစ်ဟာ ပြိုင်ပွဲစုံမှာ ၆ ဂိုးအထိ သွင်းယူထားနိုင်ခဲ့ပြီး ဂိုးဖန်တီးမှု ၂ ကြိမ်လည်း ပြုလုပ်ထားပြီး ဖြစ်ပါတယ်။ သူဟာ ဘယ်အချိန်မှာ ကိုယ်တိုင် တာဝန်ယူရမလဲ၊ ဘယ်အချိန်မှာ အသင်းဖော်ဆီ ဘောလုံးပေးပို့ရမလဲဆိုတဲ့ အနုပညာကို ကျွမ်းကျင်ပိုင်နိုင်သူအဖြစ် သတ်မှတ်ခံထားရပါတယ်။

မက်ဆီကတော့ ဒီအပိုင်းမှာ ဆယ်စုနှစ်နှစ်ခုနီးပါးကြာ စံသတ်မှတ်နိုင်ခဲ့သူဖြစ်ပြီး ဘော်လွန်းဒီအော် ၈ ကြိမ်ရှင်ဟာ ဘယ်လိုပွဲမျိုးကိုမဆို ပြောင်းလဲပစ်နိုင်စွမ်း ရှိသူပါ။ ပူလီဆစ်ကလည်း မီလန်အသင်းနဲ့ အမေရိကန်လက်ရွေးစင်အသင်းတို့မှာ အလားတူတာဝန်ကို ယူထားရပါတယ်။ အသက် ၂၇ နှစ်အရွယ်မှာတော့ သူဟာ အခွင့်အရေးတွေကို အရယူဖို့နဲ့ ကြုံတွေ့လာရတဲ့ အခက်အခဲတွေကို ချက်ချင်းမေ့ဖျောက်ကျော်လွှားနိုင်ဖို့ လုံလောက်တဲ့ ရင့်ကျက်မှု ရှိနေပါပြီ။

ဒီလို အရည်အသွေးတွေကို ဘောလုံးသမိုင်းရဲ့ အကောင်းဆုံးကစားသမားတစ်ဦးနဲ့ မျှဝေခံစားရတဲ့အပေါ် ပူလီဆစ်က DAZN သတင်းဌာနကို ခုလိုပြောပြခဲ့ပါတယ်။ "ဘယ်အချိန်မှာ စွန့်စားရမလဲဆိုတာကို နားလည်ဖို့က အရမ်းအရေးကြီးတယ်လို့ ကျွန်တော်ထင်တယ်၊ မက်ဆီက ဒါကို ဘယ်လိုလုပ်ရမလဲဆိုတာ ကောင်းကောင်းသိပါတယ်။ တခြားအချိန်တွေထက် ကိုယ့်ကိုယ်ကိုယ် ပိုယုံကြည်မှုရှိတဲ့ အခိုက်အတန့်တွေ ရှိတတ်တာပေါ့၊ အခုလိုအချိန်မှာ ပြောရတာ ပိုလွယ်တာပေါ့၊ ကျွန်တော် ဂိုးတွေအများကြီး သွင်းနေတာကိုး။ ဒါပေမဲ့ အဆိုးဘက်ရောက်တဲ့ အခိုက်အတန့်တွေလည်း ရှိလာမှာဖြစ်ပြီး အဲ့ဒီအချိန်တွေမှာလည်း ကောင်းကောင်းကိုင်တွယ်နိုင်ဖို့ လိုပါတယ်"

မက်ဆီဟာ ပူလီဆစ် သူ့ရဲ့ကစားသမားဘဝကို ပုံဖော်နေစဉ်မှာ အားကျအတုယူခဲ့ရသူတွေထဲက တစ်ဦးဖြစ်ပြီး သူ့ရဲ့ နိုင်ငံသားတစ်ဦးနဲ့ တခြားနာမည်ကျော် တောင်ပံကစားသမားတွေလည်း ပါဝင်ခဲ့ပါတယ်။ သူ့ရဲ့ စံပြကစားသမားတွေ ဘယ်သူတွေလဲလို့ မေးမြန်းခဲ့ရာမှာ သူက "ကျွန်တော့်မှာ စံပြကစားသမား အနည်းငယ်ရှိခဲ့ပါတယ်။ ကလေးဘဝတုန်းကဆိုရင် လက်ရွေးစင်အသင်းကို အားပေးတာပေါ့။ သူတို့ထဲက တစ်ယောက်ကတော့ ဒမ့်ဆေးပါ။ ကျွန်တော် သူ့ကို အမြဲအားကျခဲ့တယ်၊ အထူးသဖြင့် ကမ္ဘာ့ဖလားပြိုင်ပွဲတွေမှာ လက်ရွေးစင်အသင်းနဲ့ ကစားတဲ့အခါပေါ့။ ကျွန်တော် သူ့လိုဖြစ်ချင်ခဲ့တယ်။ သူ့ရဲ့ကစားပုံ၊ သူ့ရဲ့စိတ်ဓာတ်၊ ကွင်းထဲမှာ သူနေထိုင်ပြုမူပုံကို ကျွန်တော်ကြိုက်တယ်။ ဥရောပမှာဆိုရင်တော့ ကျွန်တော် အားကျခဲ့ရတဲ့ ကစားသမားတွေ အများကြီးပဲ ဖီဂို၊ ပြီးတော့ ပြောစရာမလိုအောင်ပဲ မက်ဆီပေါ့" လို့ ဆိုပါတယ်။

ဂျာမနီ၊ အင်္ဂလန်နဲ့ အီတလီတို့က အတွေ့အကြုံတွေက ပူလီဆစ်အတွက် မတူညီတဲ့ စိန်ခေါ်မှုတွေကို ပေးခဲ့ပါတယ်။ သူဟာ ဒီခရီးလမ်းတစ်လျှောက်မှာ အရေးကြီးတဲ့ သင်ခန်းစာများစွာကို ရရှိခဲ့ပြီး သူ့ရဲ့ကစားပုံ ဘယ်လိုတိုးတက်လာသလဲဆိုတာကိုလည်း ခုလိုပြောပြခဲ့ပါတယ်။ "ကျွန်တော် နည်းဗျူဟာပိုင်းဆိုင်ရာမှာ အများကြီး သင်ယူခဲ့ရတယ်၊ ဒီမှာလည်း အများကြီး သင်ယူခဲ့ရပါတယ်။ မတူညီတဲ့ အသင်းတွေနဲ့ ရင်ဆိုင်ခဲ့ရတယ်၊ သူတို့အားလုံးက ခံစစ်ကို အရမ်းကောင်းကောင်း ကစားကြတယ်။ ဒါဟာ မတူညီတဲ့ စနစ်တစ်ခုဖြစ်သလို ကစားဟန်အတွက်လည်း အတူတူပါပဲ"

ကလပ်အသင်းနဲ့ နိုင်ငံအသင်းမှာ အဓိကကစားသမားအဖြစ် ဘောလုံးကိုင်ကစားခွင့်များစွာ ရရှိလာပုံကိုလည်း သူက ဆက်လက်ရှင်းပြခဲ့ပါတယ်။ "ဘောလုံးက တစ်ဦးချင်းစွမ်းရည်နဲ့ သိပ်မဆိုင်ဘူးလို့ ကျွန်တော်ထင်တယ်၊ အသင်းလိုက်ပူးပေါင်းဆောင်ရွက်မှုက ပိုအရေးကြီးပါတယ်။ ဘတ်စကတ်ဘောနဲ့ နှိုင်းယှဉ်ရင် ဘောလုံးက ပင်ကိုယ်အသိဉာဏ်နဲ့ ပိုဆိုင်ပါတယ်။ ဂိုးဧရိယာထဲမှာ

ဘယ်နေရာမှာ နေရာယူရမလဲဆိုတာကို သိဖို့လိုတယ်၊ ဘာဖြစ်လို့လဲဆိုတော့ အဲ့ဒီနေရာကနေပဲ နောက်ဆုံးမှာ ဂိုးတွေ သွင်းယူကြတာကိုး။ နေရာလွတ်ကို ဘယ်လိုအသုံးချရမလဲဆိုတာ နားလည်ပြီး ခံစားတတ်ဖို့လိုတယ်။ ဒါကပဲ ကျွန်တော့်ရဲ့ လျှို့ဝှက်ချက်လို့ ကျွန်တော်ထင်ပါတယ်"

ပူလီဆစ်ဟာ တနင်္ဂနွေနေ့ တူရင်မြို့မှာ ဂျူဗင်တပ်စ်အသင်းနဲ့ ရင်ဆိုင်ရမယ့်ပွဲမှာ မီလန်အသင်းအတွက် ထပ်မံခြေစွမ်းပြနိုင်ဖို့ မျှော်လင့်နေပါတယ်။ အဆိုပါပွဲမှာ အောင်ပွဲခံနိုင်ခဲ့မယ်ဆိုရင် ရိုဆိုနီရီတို့ဟာ လာမယ့် နိုင်ငံတကာပွဲစဉ်များ မတိုင်ခင်မှာ စီးရီးအေ အမှတ်ပေးဇယားထိပ်ဆုံးနေရာကို ဆက်လက်ထိန်းသိမ်းထားနိုင်မှာ ဖြစ်ပါတယ်။

ချန်ပီယံဆုအတွက် စိန်ခေါ်နိုင်စွမ်းရှိခြင်းက ပူလီဆစ်အနေနဲ့ ရှေ့ဆက်ဖို့အတွက် အကောင်းဆုံးနေရာမှာ ရှိနေတယ်လို့ ယုံကြည်လာအောင် ကူညီပေးနိုင်မှာဖြစ်ပြီး လစာတိုးမြှင့်ထားတဲ့ စာချုပ်သစ်ကမ်းလှမ်းမှုဟာ အချိန်အတန်ကြာ ကမ်းလှမ်းခံထားရပေမဲ့ လက်မှတ်ရေးထိုးရခြင်း မရှိသေးပါဘူး။