The network connection is lost.

Banner Image

ဩစတြေးလျနဲ့ပွဲမတိုင်မီ ပူလီဆစ်ရဲ့ဒဏ်ရာအခြေအနေကို အသိပေးလာတဲ့ ပိုချက်တီနို

သြစတေးလျအသင်းနဲ့ ယှဉ်ပြိုင်ရမယ့် ပွဲစဉ်မတိုင်ခင်မှာ အမေရိကန်လက်ရွေးစင်အသင်း နည်းပြ မော်ရီစီယို ပိုချက်တီနိုက ခရစ္စတီယန် ပူလီဆစ်ရဲ့ ဒဏ်ရာအခြေအနေနဲ့ ပတ်သက်ပြီး နောက်ဆုံးရသတင်းကို ပြောကြားလိုက်ပါတယ်။

အုပ်စု (D) ရဲ့ ထိပ်ဆုံးနေရာကို ဘယ်သူရမလဲဆိုတာ အဆုံးအဖြတ်ပေးနိုင်မယ့် အမေရိကန်နဲ့ သြစတေးလျတို့ရဲ့ ပွဲစဉ်ကို ဆီယက်တဲလ်မြို့မှာ ယှဉ်ပြိုင်ကစားသွားမှာ ဖြစ်ပါတယ်။

အုပ်စုအဖွင့်ပွဲစဉ်တွေမှာတော့ အမေရိကန်က ပါရာဂွေးကို ၄-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး သြစတေးလျကလည်း တူရကီကို ၂-၀ ဂိုးနဲ့ အသီးသီး အနိုင်ရရှိထားကြတာ ဖြစ်ပါတယ်။

ဒါပေမဲ့ အမေရိကန်အသင်းအတွက် သတင်းဆိုးကတော့ အသင်းရဲ့ အဓိကကစားသမား ပူလီဆစ်ဟာ ဒဏ်ရာတစ်ခု ရရှိခဲ့တာကြောင့် ပထမပိုင်းအပြီးမှာတင် လူစားလဲခံခဲ့ရပြီး လာမယ့် သောကြာနေ့ပွဲစဉ်ကို လွဲချော်နိုင်ဖွယ် ရှိနေတာပဲ ဖြစ်ပါတယ်။

ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ပိုချက်တီနိုက ပြောကြားရာမှာတော့ နောက်တစ်ဆင့်တက်ဖို့ အရေးပါတဲ့ ဒီပွဲစဉ်မှာ ပူလီဆစ်အနေနဲ့ ပွဲထွက်ကစားနိုင်ဖို့အတွက် တတ်နိုင်သမျှ အစွမ်းကုန် ကြိုးစားနေတယ်လို့ ဆိုပါတယ်။

"သူဟာ တစ်ပတ်လုံး တစ်ဦးတည်း သီးသန့်လေ့ကျင့်ခန်းတွေ ဆင်းနေခဲ့တာပါ။ ပုံမှန်အတိုင်းပဲ ဒီနေ့ည ပွဲမတိုင်ခင်မှာ ဆေးအဖွဲ့နဲ့ တွေ့ဆုံပြီး ကစားသမားအားလုံးရဲ့ အခြေအနေကို စစ်ဆေးသွားမှာ ဖြစ်သလို မနက်ဖြန်ကျမှပဲ ကျွန်တော်တို့ ဘာဆုံးဖြတ်လဲဆိုတာကို အသိပေးသွားမှာပါ" လို့ ပိုချက်တီနိုက ပြောပါတယ်။

"သူ့အခြေအနေက တိုးတက်လာနေပါတယ်။ ပြီးခဲ့တဲ့ သောကြာနေ့ကထက်စာရင် အများကြီး ပိုကောင်းလာပါပြီ။ လောလောဆယ်တော့ စောင့်ကြည့်ရဦးမှာပါ။ မနက်ဖြန်ပွဲ မကစားနိုင်ခဲ့ရင်တောင် နောက်ပွဲတော့ ကစားနိုင်ပါလိမ့်မယ်။ ဒါပေမဲ့ သူကတော့ အဆင်သင့်ဖြစ်နေအောင် တကယ်ကို အစွမ်းကုန် ကြိုးစားနေတာပါ"

"မိမိနိုင်ငံကို ချစ်တဲ့ ကစားသမားတိုင်းအတွက်တော့ ဒါဟာ အသင်းအတွက် အစွမ်းပြဖို့နဲ့ နိုင်ပွဲရအောင် ကူညီပေးဖို့ ရရှိတဲ့ အခွင့်အရေးကောင်းတစ်ခုပါပဲ။ ဒီလိုအချိန်မျိုးမှာ ဒဏ်ရာရတာက တကယ်ကို စိတ်မကောင်းစရာ ဖြစ်ပေမဲ့ ခရစ္စတီယန်က စိတ်ဓာတ်ကြံ့ခိုင်တဲ့သူပါ။ သူ အမြန်ဆုံး ပြန်ကစားနိုင်ဖို့ အစွမ်းကုန် ကြိုးစားနေပါတယ်" လို့ ၎င်းက ဆက်ပြောပါတယ်။

အမေရိကန်အသင်းဟာ အဖွင့်ပွဲစဉ်ကအတိုင်း လူစာရင်းကို ပြောင်းလဲမှာ မဟုတ်ဘဲ ပူလီဆစ်ကတော့ နည်းပြ တိုနီ ပိုပိုဗစ်ရဲ့ လက်ထက်မှာ ရှုံးပွဲမရှိသေးတဲ့ သြစတေးလျအသင်းနဲ့ ပွဲစဉ်မှာ ပါဝင်နိုင်ဖို့အတွက် အချိန်နဲ့အမျှ ကြိုးစားနေရတာ ဖြစ်ပါတယ်။