The network connection is lost.

Banner Image

ယူနိုက်တက် ကစားသမားဘဝအစ ခက်ခဲမှုတွေကြောင့် နာကျင်ခဲ့ရပုံကို ပြောကြားလိုက်တဲ့ မေဆန်မောင့်

ယူနိုက်တက် ကစားသမားတွေဟာ ရာသီအစ ခက်ခဲမှုတွေနဲ့ ဘယ်လောက်တောင် ရုန်းကန်နေရသလဲဆိုတာကို မေဆန်မောင့်က ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ အဖွင့် ၆ ပွဲမှာ ၃ ပွဲအထိ ရှုံးနိမ့်ခဲ့ပြီးနောက် သရဲနီတို့ဟာ စနေနေ့က ဆန်းဒါးလန်းအသင်းကို ပထမပိုင်းမှာ မောင့်နဲ့ ဘင်ဂျမင် ဆက်စ်ကိုတို့ သွင်းယူခဲ့တဲ့ ဂိုးတွေနဲ့အတူ ၂-၀ ဂိုး ဖြင့် အနိုင်ရပြီး အနည်းငယ် သက်သာရာ ရခဲ့ပါတယ်။ ကွင်းလယ်ကစားသမား မောင့်က ဒီနိုင်ပွဲဟာ အသင်းသားအားလုံးနဲ့ ဖိအားတွေအောက် ရောက်နေတဲ့ နည်းပြ ရူဘင် အမ်မိုရင် တို့အတွက် ဘယ်လောက်အရေးကြီးကြောင်းကို အလေးပေး ပြောကြားခဲ့ပါတယ်။

ဆန်းဒါးလန်းနဲ့ပွဲစဉ်ရဲ့ ၈ မိနစ်မှာ ယူနိုက်တက်အတွက် ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့တဲ့ မောင့်ရဲ့ဂိုးဟာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလက အမ်မိုရင် အသင်းကို ပထမဆုံး စတင်ကိုင်တွယ်ခဲ့တဲ့ပွဲနောက်ပိုင်း အသင်းရဲ့ အစောဆုံးဂိုး ဖြစ်ခဲ့ပါတယ်။ သူက ပြီးခဲ့တဲ့အပတ်က ဘရန့်ဖို့ဒ်ကို ၃-၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် အသင်းသားတွေ စိတ်ဓာတ်ကျခဲ့ရတယ်လို့ ရှင်းပြခဲ့ပါတယ်။

"တစ်ပတ်ကို တစ်ပွဲပဲ ကစားရတဲ့အခါ ဘရန့်ဖို့ဒ်လိုပွဲမျိုးအပြီးမှာ ပြန်စဉ်းစားဖို့ အချိန်တွေအများကြီးရတော့ တခါတလေမှာ ခက်ခဲပါတယ်။ ကျွန်တော်တို့ နာကျင်ခံစားခဲ့ရတယ် သိတယ်မလား အသင်းတစ်သင်းအနေနဲ့ နည်းပြအဖွဲ့အနေနဲ့ပေါ့။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ ဒီထက်ပိုကောင်းအောင် လုပ်နိုင်မှန်း သိနေလို့ပဲ"

"ဒါက ကလပ်အသင်းတစ်သင်းအနေနဲ့ရော ကျွန်တော်တို့ကို တကယ်ပဲ နာကျင်စေခဲ့ပါတယ်။ နောက်တစ်ပွဲမတိုင်ခင် အချိန်ကလည်း အရမ်းကြာတယ်လို့ ခံစားရတယ်။ ဒါပေမဲ့ အဲ့ဒီပွဲရောက်လာတဲ့အခါမှာတော့ အသင့်ပြင်ဆင်ပြီးသားဖြစ်နေပြီး ပွဲအစမှာတင် တက်တက်ကြွကြွနဲ့ ကစားဖို့ အဆင်သင့်ဖြစ်နေရမယ်။ ဒါက အစကတည်းက ကျွန်တော်တို့ရဲ့ ရည်မှန်းချက်ပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ အစပိုင်းမှာတင် တက်တက်ကြွကြွနဲ့ ဦးဆောင်ကစားနိုင်ရင်၊ အထူးသဖြင့် အိမ်ကွင်းမှာဆိုရင် ပွဲက ကျွန်တော်တို့ဘက်ကို ပါလာနိုင်တယ်ဆိုတာ သိလို့ပါပဲ"  လို့ သူက သတင်းထောက်တွေကို ပြောပါတယ်။

မောင့်ဟာ ကွန်ညာရဲ့နေရာမှာ ပွဲထွက်လူစာရင်း၌ ပြန်လည်ပါဝင်လာခဲ့တာ ဖြစ်ပါတယ်။ အမ်မိုရင်ဟာ အရင်ကတည်းက မောင့်ကို ချီးကျူးခဲ့ဖူးပြီး ၂၀၂၃ ခုနှစ်မှာ ချဲလ်ဆီးကနေ ပြောင်းရွှေ့လာပြီးနောက် ဒဏ်ရာတွေနဲ့ ကံဆိုးစွာကြုံတွေ့ခဲ့ရတဲ့အတွက် နောင်တရမိကြောင်း ထုတ်ဖော်ပြောဆိုခဲ့ဖူးပါတယ်။ မောင့်ကတော့ သူနဲ့ အမ်မိုရင်ကြားမှာ ဆက်ဆံရေးကောင်းမွန်ပြီး ချဲလ်ဆီးမှာ သောမတ်စ် တူချယ်လ် လက်အောက် ၃-၄-၃ ကစားကွက်နဲ့ ကစားခဲ့ဖူးတဲ့ အတွေ့အကြုံက ပေါ်တူဂီနည်းပြရဲ့အသင်းမှာ သူဘာကြောင့် အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေရသလဲဆိုတာကို ရှင်းပြနိုင်တယ်လို့ ခံစားရကြောင်း ပြောခဲ့ပါတယ်။

သူက "ကျွန်တော် မန်နေဂျာနဲ့ ဆက်ဆံရေးကောင်းပါတယ်။ ဒါပေမဲ့ တခြားကောင်လေးတွေထက် ပိုကောင်းတယ်လို့တော့ မထင်ပါဘူး။ ကျွန်တော်က သူကြိုက်တဲ့ ကစားကွက်နဲ့ ဆင်တူတဲ့ပုံစံမျိုး ကစားဖူးတဲ့ အတွေ့အကြုံရှိတယ်လို့ ထင်တယ်။ အရင်က ကစားဖူးတာဆိုတော့ အဲ့ဒီကစားကွက်မှာရှိတဲ့ တာဝန်တွေနဲ့ အသင်းဆီကနေ သူဘာလိုချင်လဲဆိုတာကို သိတာက ကျွန်တော့်အတွက် နားလည်ရလွယ်ကူစေပါတယ်။ ဒါကြောင့် ဒါက ကျွန်တော် နားလည်ပြီးသားအရာတစ်ခုလို့ ထင်ပါတယ်။ အခုဆိုရင် ကစားသမားတိုင်းလည်း နားလည်လောက်ပြီလို့ ထင်ပါတယ်။ ဒါပေမဲ့ အစပိုင်းမှာတော့ သူ ကျွန်တော့်အပေါ် အားကိုးလို့ရတဲ့အချက်တစ်ခု ဖြစ်နိုင်ပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော် နေရာတွေကို သိနေလို့ပါ" 

"ကျွန်တော် ကိုယ့်ကိုယ်ကိုယ် အသင်းအတွက် စွမ်းအင်တွေအများကြီး ယူဆောင်လာပေးပြီး တစ်ခါတလေမှာ pressing ကစားပုံကို စတင်ပေးရသူ၊ ရှေ့တန်းအတွက် တွန်းအားပေးသူတစ်ယောက်အဖြစ် မြင်ပါတယ်။ ဟုတ်ကဲ့၊ ဒါက ကျွန်တော့်ပတ်ဝန်းကျင်က လူတွေကို ကူညီဖို့နဲ့ စွမ်းအင်တွေ ယူဆောင်လာပေးဖို့ အမြဲတမ်း အာရုံစိုက်နေတဲ့ အရာတစ်ခုပါ။ ပြီးတော့ ဂိုးသွင်းယူနိုင်ခဲ့တာကလည်း ကျွန်တော့်အတွက် အရမ်းကို အရေးပါခဲ့တယ်။ ပရီးမီးယားလိဂ်မှာ ဒီရာသီရဲ့ ပထမဆုံးအိမ်ကွင်းဂိုးကို ရခဲ့တာက အရေးကြီးပါတယ်။ ဟုတ်ကဲ့ ကျွန်တော် အဲ့ဒီအတွက် တကယ်ကို ပျော်ရွှင်ခဲ့ပါတယ်" လို့ ရှင်းပြခဲ့ပါတယ်။

အမ်မိုရင်က ပွဲမတိုင်ခင်တစ်ရက်မှာ သူအစိုးရိမ်ဆုံးကတော့ မီဒီယာတွေရဲ့ မရပ်မနားဝေဖန်မှုတွေကြားမှာ သူ့ကစားသမားတွေက သူချမှတ်ထားတဲ့ ကစားကွက်နဲ့ နည်းစနစ်တွေကို စတင်သံသယဝင်လာမှာကိုပဲဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ ဒါပေမဲ့ မောင့်ကတော့ အဲ့ဒီလိုဖြစ်လာမှာ မဟုတ်ကြောင်းနဲ့ အသင်းဟာ နည်းပြရဲ့နောက်မှာ အပြည့်အဝရှိနေကြောင်း ထပ်လောင်းပြောကြားခဲ့ပါတယ်။

"မဟုတ်ပါဘူး၊ ကျွန်တော်တို့အတွက်ကတော့ မန်နေဂျာ လိုချင်တာကိုပဲ အာရုံစိုက်နေရုံပါပဲ၊ လေ့ကျင့်ရေးမှာရော၊ ပွဲကစားတဲ့အခါမှာရော သူတောင်းဆိုတဲ့အတိုင်း အတိအကျလုပ်ဆောင်ဖို့ပါပဲ" လို့ သူက ထပ်ပြောပါတယ်။ "ပြီးတော့ ဒီနေ့ပွဲမှာ မြင်တွေ့ရတဲ့အတိုင်းပဲ ကျွန်တော်တို့ လက်ရှိလုပ်ရမယ့်အလုပ်ကိုပဲ အာရုံစိုက်ခဲ့ပါတယ်။ လူတိုင်းက သူတို့ရဲ့ တာဝန်နဲ့ ဝတ္တရားတွေကို ကျေပွန်ခဲ့ကြတယ်။ ဒါက ခြေစွမ်းကောင်းတစ်ခုပါပဲ။ ဒုတိယပိုင်းမှာတော့ ပွဲက အနည်းငယ်တင်းမာခဲ့ပြီး ကျွန်တော်တို့ ခံစစ်ကစားရတဲ့အချိန်တွေ ကိုယ်နဲ့တားဆီးကာကွယ်ခဲ့ရတဲ့ အချိန်တွေ ရှိခဲ့ပါတယ်။ ခံစစ်မှူးတွေက အံ့မခန်းကောင်းမွန်ခဲ့ပါတယ်။ ဒါက လူတိုင်းအတွက် တကယ်ကို အရေးကြီးခဲ့ပါတယ်။ ဆက်စ်ကို အတွက် ပြောရရင် သူ့ရဲ့ဂိုးကလည်း အရမ်းအရေးကြီးခဲ့ပါတယ်။ ကျွန်တော် သူ့အတွက် အရမ်းကို ပျော်ပါတယ်" လို့ မောင့်က ပြောပါတယ်။

မောင့်က ဂိုးသမားသစ် ဆန်နီ လမ်းမန်းစ်ကိုလည်း ချီးကျူးခဲ့ပြီး တခြားဂိုးသမားတွေဖြစ်တဲ့ တွမ် ဟီတန်နဲ့ အယ်လ်တေး ဘာယင်ဒီယာတို့က သူ့ရဲ့ပွဲဦးထွက်အတွက် ဘယ်လိုကူညီပြင်ဆင်ပေးခဲ့ကြသလဲဆိုတာကို ရှင်းပြခဲ့ပါတယ်။ သူက "နောက်ပြီး ဆန်နီ ဝင်ကစားခဲ့တာကလည်း တည်ငြိမ်တဲ့ ခြေစွမ်းတစ်ခုပါပဲ။ ဆန်းဒါးလန်းက ဖိအားပေးလာတဲ့အခါ အန္တရာယ်ရှိလာရင် သူက ဘန်ဆီကို ဘောလုံးပို့ပေးတယ် အဲ့ဒီကနေ ကျွန်တော်တို့ ဆက်ကစားကြတယ်။ ဒီနေ့မှာ သူက ဖိအားတွေကို အများကြီး လျှော့ချပေးခဲ့တယ်လို့ ကျွန်တော်ထင်တယ် လူတိုင်းက သူ့ဘေးမှာ ရှိနေခဲ့ကြတယ်။ အယ်လ်တေးက သူ့ဘေးမှာရှိတယ် တွမ်ကလည်း ပွဲမစခင်မှာ သူ့ဘေးမှာ ရှိနေခဲ့တယ်။ ဒါက ကျွန်တော်တို့မှာရှိတဲ့ စည်းလုံးညီညွတ်မှုကို ပြသနေတာပါ။ ဒီရာသီမှာ ကျွန်တော်တို့ အတက်အကျတွေ ကြုံတွေ့ခဲ့ရပေမဲ့ ကျွန်တော်တို့ အတူတကွရှိနေပြီး ရှေ့ဆက်တိုးတက်ဖို့အတွက် မန်နေဂျာ၊ နည်းပြအဖွဲ့တွေနဲ့အတူ ဆက်လက်ပြီး အတူရှိနေသွားမှာပါ" လို့ ဆက်ပြောခဲ့ပါတယ်။

ယူနိုက်တက်ဟာ နိုင်ငံတကာပွဲစဉ်တွေကြောင့် နှစ်ပတ်ကြာ အနားရမှာဖြစ်ပြီး အဲ့ဒီနောက်မှာတော့ ချန်ပီယံနဲ့ အဓိကပြိုင်ဘက် လီဗာပူးအသင်းကို အန်ဖီးလ်ကွင်းမှာ သွားရောက်ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ မောင့်က ဆန်းဒါးလန်းနဲ့ပွဲမှာ အသင်းရဲ့ တုံ့ပြန်နိုင်စွမ်းနဲ့ စိတ်ဓာတ်ကို ချီးကျူးခဲ့ပေမဲ့ အရှိန်အဟုန်တစ်ခု တည်ဆောက်သွားဖို့ လိုအပ်ကြောင်းကိုလည်း အလေးပေး ပြောကြားခဲ့ပါတယ်။ သူက "ဒီနေ့ပွဲအစမှာတင် တက်တက်ကြွကြွနဲ့ စတင်နိုင်ခဲ့တာက အရမ်းအရေးကြီးပါတယ်၊ ခက်ခဲတဲ့ပွဲတစ်ပွဲအပြီးမှာ ကျွန်တော်တို့ရဲ့ စိတ်ဓာတ်ကို ပြန်လည်မြှင့်တင်နိုင်ခဲ့တာက ကြီးမားတဲ့အရာတစ်ခုပါ ကျွန်တော်တို့ ဒါကို လုပ်နိုင်ခဲ့တယ်။ ဒါကြောင့် အခု ကျွန်တော်တို့ ဆက်ပြီး တွန်းတင်ရပါတော့မယ်။ နောက်ပွဲအတွက် အခု အနားရက် အနည်းငယ်ရမှာဖြစ်ပေမဲ့ ဒီပွဲကနေ ကောင်းတဲ့အချက်တွေကို ယူပြီး နောက်တစ်ပွဲအတွက် သယ်ဆောင်သွားဖို့ လိုပါတယ်" လို့ ပြောကြားခဲ့ပါတယ်။