
အာမိုရင်ရဲ့နောက်မှာ ၁၀၀ ရာခိုင်နှုန်း ရှိနေတယ်လို့ အခိုင်အမာပြောကြားလိုက်တဲ့ မေဆင်မောင့်
စနေနေ့ညကယှဉ်ပြိုင်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဆန်းဒါးလန်းကို ၂-၀ နဲ့သက်တောင့်သက်သာအနိုင်ရပြီးနောက် မန်ချက်စတာယူနိုက်တက် ကွင်းလယ်ကြယ်ပွင့်မေဆင်မောင့်က အိုးလ်ထရက်ဖို့ဒ်မှ အထုတ်ခံရတော့မယ်လို့ ထင်ကြေးပေးခံထားရတဲ့ အသင်းနည်းပြရူဘင်အာမိုရင်ရဲ့နောက်မှာ ၁၀၀ ရာခိုင်နှုန်းရှိနေတယ်လို့ အခိုင်အမာပြောကြားလာခဲ့ပါတယ်။
ယခုပွဲစဉ်မှာ ယူနိုက်တက်အတွက်ဂိုးတွေကို မေဆင်မောင့်နဲ့ တိုက်စစ်မှူးဘင်ဂျမင်ဆက်စ်ကိုတို့က သွင်းယူပေးခဲ့တာဖြစ်ပြီး အိမ်ကွင်းဂိုးပြတ်နိုင်ပွဲကို ဒီရာသီပထမဆုံးအကြိမ် ရရှိခဲ့တာဖြစ်ပါတယ်။ ဆန်းဒါးလန်းဟာ ယခုရာသီမှ ပရီးမီးယားလိဂ်ကို တန်းတက်လာခဲ့တာဖြစ်ပေမယ့် ခြေစွမ်းပိုင်းအတော်လေးတည်ငြိမ်နေပြီး ရလဒ်ကောင်းတွေကိုလည်း ဖော်ဆောင်ထားနိုင်တာဖြစ်ပါတယ်။ သို့သော်လည်း အိုးလ်ထရက်ဖို့ဒ်မှာတော့ ဆန်းဒါးလန်းဟာ သွင်းဂိုးမရရှိခဲ့သလို ယူနိုက်တက်ရဲ့ အသာစီးရယူမှုကိုလည်းခံခဲ့ရပါတယ်။
ပြီးခဲ့တဲ့နွေရာသီမှာ ယူနိုက်တက်ဟာ ပေါင်သန်း ၂၀၀ ကျော်အထိသုံးစွဲပြီး ကစားသမားသစ်တွေခေါ်ယူအားဖြည့်ခဲ့ပေမယ့် ဆန်းဒါးလန်းနဲ့ပွဲစဉ်မတိုင်မီမှာ အမှတ်ပေးဇယားရဲ့ အဆင့် ၁၄ နေရာအထိရောက်ရှိနေတာကြောင့် နည်းပြအာမိုရင်အပေါ်ဖိအားတွေတိုးခဲ့ပြီး ရာထူးမှထုတ်ပယ်ခံရတော့မယ်လို့ပါ ထင်ကြေးပေးခံထားရတာဖြစ်ပါတယ်။ ဒါ့အပြင် နည်းပြသစ်နေရာအတွက်လည်း ခရစ္စတယ်ပဲလေ့စ်မှ ဂလက်စ်နာ၊ ဂါရတ်ဆောက်ဂိတ်နဲ့ ဇာဗီတို့က အပြိုင်ရေပန်းစားနေကြတာဖြစ်ပါတယ်။
သို့သော်လည်း အဆိုပါပွဲစဉ်အပြီးမှာ အာမိုရင်က "ကျွန်တော်ဒီနေ့ ကစားသမားတွေရဲ့ စစ်မှန်တဲ့စွမ်းဆောင်ရည်ကိုမြင်တွေ့ခဲ့ပြီး သူတို့ အကောင်းဆုံးလုပ်နိုင်ခဲ့ကြပါတယ်။ သူတို့အနေနဲ့လည်း နည်းပြအပြောင်းအလဲကို အချိန်တိုင်းပြုလုပ်ချင်နေကြမှာမဟုတ်ပါဘူး" လို့ပြောကြားခဲ့ပါတယ်။
ဒါ့အပြင်မေဆင်မောင့်ကလည်း "ကျွန်တော်တို့နည်းပြနောက်မှာ ၁၀၀ ရာခိုင်နှုန်းရှိပါတယ်။ ခက်ခဲတဲ့ရလဒ်တွေနဲ့ ရုန်းကန်ရတာတွေရှိခဲ့ပြီး ပရိသတ်တွေနဲ့ တစ်သင်းလုံးအတွက် ထိခိုက်နာကျင်ခဲ့ရပါတယ်။ ဒါကြောင့် ဒီနေ့နိုင်ပွဲက ကျွန်တော်တို့အတွက် အရေးကြီးပါတယ်" လို့ပြောကြားခဲ့ပါတယ်။
လာမယ့်အောက်တိုဘာ ၁၉ ရက်နေ့မှာတော့ ယူနိုက်တက်ဟာ ခက်ခဲတဲ့ပွဲစဉ်အဖြစ် လီဗာပူးကို အန်ဖီးလ်မှာသွားရောက်ရင်ဆိုင်ရမှာဖြစ်ပါတယ်။