၂၀၂၈ နဲ့ ၂၀၂၉ ချန်ပီယံလိဂ်ဗိုလ်လုပွဲအိမ်ရှင်မြို့တွေအဖြစ် မြူးနစ်နဲ့ ဘာစီလိုနာတို့ကို ရွေးချယ်အတည်ပြု
ဥရောပဘောလုံးအဖွဲ့ချုပ်(UEFA) က ၂၀၂၈ နဲ့ ၂၀၂၉ ချန်ပီယံလိဂ်ဗိုလ်လုပွဲ လက်ခံကျင်းပမယ့် အိမ်ရှင်ဘောလုံးကွင်းတွေကို ထုတ်ဖော်ကြေညာလိုက်ပါတယ်။
ဥရောပဘောလုံးအဖွဲ့ချုပ်က ဘိုင်ယန်မြူးနစ်ရဲ့အလိုင်းယန့်ဇ်အရီနာနဲ့ ဘာစီလိုနာရဲ့နူးကမ့်တို့ကို ရွေးချယ်ခဲ့ပါတယ်။
ဘာစီလိုနာရဲ့အိမ်ရှင်အဖြစ်လျှောက်ထားမှုကို ဘာစီလိုနာမြို့တော်ကောင်စီ၊ ကတ္တလန်ဒေသအစိုးရနဲ့ စပိန်ဘောလုံးအဖွဲ့ချုပ် (RFEF) တို့က ထောက်ခံအားပေးခဲ့ကြပြီး လာလီဂါဘီလူးကြီးအတွက် ချန်ပီယံလိဂ်ဖိုင်နယ်ကို လက်ခံကျင်းပပေးဖို့ အသင့်ဖြစ်နေပါပြီ။
လက်ရှိ ပြန်လည်မွမ်းမံတည်ဆောက်နေတဲ့ သူတို့ရဲ့ကွင်းကြီးက အစီအစဉ်အတိုင်းသာ ချောချောမောမော ပြီးစီးသွားခဲ့ရင် ၂၀၂၉ ခုနှစ်မှာ ပရိသတ် ၁၀၄,၆၀၀ ဦးအထိ ဝင်ဆံ့နိုင်မယ်လို့ သိရပါတယ်။
နူးကမ့်ကွင်းက ၁၉၈၉ ခုနှစ်၊ အေစီမီလန်က စတူအာဘူခါရက်ကို အနိုင်ရရှိခဲ့တဲ့ပွဲစဉ်နဲ့ ၁၉၉၉ ခုနှစ်၊ မန်ချက်စတာယူနိုက်တက်က ဘိုင်ယန်မြူးနစ်ကို မယုံနိုင်စရာအနိုင်ယူခဲ့တဲ့ပွဲစဉ်အပါအဝင် ဥရောပရဲ့ကလပ်အသင်းအဆင့် အကြီးမားဆုံးဗိုလ်လုပွဲကို နှစ်ကြိမ်တိုင်တိုင် လက်ခံကျင်းပဖူးပါတယ်။
ဘိုင်ယန်မြူးနစ်ကတော့ အိမ်ကွင်းဟောင်းအိုလံပီယာကွင်းမှာ ချန်ပီယံလိဂ်ဗိုလ်လုပွဲကို သုံးကြိမ်တိုင် လက်ခံကျင်းပဖူးပါတယ်။ သူတို့ရဲ့လက်ရှိအိမ်ကွင်းသစ်မှာတော့ ချဲလ်ဆီးကို ပင်နယ်တီအဆုံးအဖြတ်ဖြင့် အရေးနိမ့်ခဲ့တဲ့ ၂၀၁၂ ခုနှစ် ချန်ပီယံလိဂ်ဖိုင်နယ်ကို လက်ခံကျင်းပခဲ့ပါတယ်။