ဒီဇာဘီနဲ့ ဖုန်းပြောပြီးနောက် တော့တင်ဟမ်ဆီပြောင်းရွှေ့ဖို့ ဆုံးဖြတ်ချက် ခိုင်မာလာခဲ့တယ်လို့ ရောဘတ်ဆန် ဆို
လီဗာပူးနောက်ခံလူဟောင်းရောဘတ်ဆန်က အခုနွေရာသီမှာ တော့တင်ဟမ်ဆီ ပြောင်းရွှေ့ဖို့ ဘာကြောင့်ဆုံးဖြတ်ခဲ့သလဲဆိုတာကို ဖွင့်ဟပြောကြားလိုက်ပါတယ်။
အန်ဖီးလ်မှာ စာချုပ်သက်တမ်းကုန်ဆုံးသွားပြီးနောက် ဒီစကော့တလန်လက်ရွေးစင်နောက်ခံလူက ၂၀၂၆ ကမ္ဘာ့ဖလားမတိုင်ခင် မြောက်လန်ဒန်ကလပ်ဆီ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ပြောင်းရွှေ့သွားပါတယ်။
ရောဘတ်ဆန်က ယာဂန်ကလော့ပ်ရဲ့ လီဗာပူးအသင်းမှာ အရေးပါသူတစ်ဦး ဖြစ်ခဲ့ပြီး မာဆေးဆိုဒ်မှာ ၉ နှစ်ကြာ ဖြတ်သန်းခဲ့ချိန်အတွင်း ပရီးမီးယားလိဂ်ဖလားနှစ်ကြိမ်နဲ့ ချန်ပီယံလိဂ်ဖလားတစ်ကြိမ် ဆွတ်ခူးနိုင်ခဲ့ပါတယ်။
တဖက်မှာလည်း နည်းပြဒီဇာဘီက ၂၀၂၆-၂၀၂၇ ဘောလုံးရာသီကို အကောင်းဆုံးစတင်ဖို့ အခုနွေရာသီမှာ ငွေကြေးအမြောက်အများအသုံးပြုပြီး အသင်းကို အားဖြည့်နေလို့ အသက် ၃၂ နှစ်အရွယ်ကစားသမားအတွက်တော့ တော့တင်ဟမ်အသင်းမှာ စိန်ခေါ်မှုအသစ်တွေ စောင့်ကြိုနေပါတယ်။
မာဆေးလ်နည်းပြဟောင်းဒီဇာဘီက ပြီးခဲ့တဲ့ဘောလုံးရာသီကုန်ဆုံးခါနီးမှာ တော့တင်ဟမ်အသင်းဆီ ရောက်ရှိလာပြီး တန်းဆင်းဇုန်မှလွတ်မြောက်ကာ ပရီးမီးယားလိဂ်မှာ ဆက်ရှိနေဖို့ အကောင်းဆုံးကူညီပေးနိုင်ခဲ့ပါတယ်။
ဒီဇာဘီက သူ့ရဲ့ရည်မှန်းချက်အောင်မြင်အောင် လုပ်ဆောင်နိုင်ခဲ့သလို တဖက်မှာလည်း ရောဘတ်ဆန်က လက်တွဲနိုင်မယ့်အခွင့်အရေးကြောင့် တော့တင်ဟမ်ဆီ ပြောင်းရွှေ့လာခဲ့တယ်လို့ ဝန်ခံခဲ့ပါတယ်။
တော့တင်ဟမ်အသင်းဝက်ဘ်ဆိုဒ်နဲ့တွေ့ဆုံချိန် ရောဘတ်ဆန်က "ကျွန်တော့်ကို ဆွဲဆောင်နိုင်တဲ့ အဓိကအချက်ကတော့ နည်းပြပါပဲ" လို့ ပြောခဲ့ပါတယ်။
"ကျွန်တော် သူနဲ့ စကားပြောဖြစ်ခဲ့တယ်။ သူနဲ့ ဖုန်းပြောခဲ့ဖူးသလို သူ့နည်းပြအဖွဲ့ရဲ့ကျွမ်းကျင်မှု၊ ကစားချင်ပုံတွေကလည်း တကယ့်ကိုကောင်းမွန်လှပါတယ်"
"အဲဒီဖုန်းပြောဆိုမှုက တကယ့်ကို ကောင်းမွန်ခဲ့ပါတယ်။ ကျွန်တော်တို့က တစ်ဦးအကြောင်း တစ်ဦး သိထားပြီးသားပါ။ သူက ကျွန်တော့်ကို ကစားသမားတစ်ဦးအဖြစ် သိသလို ကျွန်တော်ကလည်း သူ့ကို နည်းပြတစ်ဦးအဖြစ် သိထားပါတယ်။ အတူတူအလုပ်တွဲလုပ်ရမယ့်ကိစ္စကိုလည်း ကျွန်တော်တို့နှစ်ဦးလုံး စိတ်လှုပ်ရှားနေကြပါတယ်"
"သူက ဘောလုံးလောကမှာ ထူးချွန်တဲ့နည်းပြတစ်ဦးအဖြစ် လူသိများပါတယ်။ သူ့လက်အောက်မှာ ကျွန်တော် ကောင်းကောင်း ကစားနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ဒီကလပ်က ရှေ့ကို တိုးတက်သွားမယ့် အသင်းလို့ ကျွန်တော်ယူဆမိလို့ အခုလိုအစိတ်အပိုင်းတစ်ခုအဖြစ် ပါဝင်ခွင့်ရတယ်ဆိုတာ ကတယ်ကောင်းပါတယ်" လို့ ရောဘတ်ဆန်က နိဂုံးချုပ်ပြောကြားခဲ့ပါတယ်။