
ဒေါ့မွန်လူငယ်စတားနဲ့ပတ်သက်ပြီး ကာကွယ်ပြောကြားလိုက်တဲ့ ဟယ်ရီကိန်း
ဘိုင်ယန်ကို ၂-၁ နဲ့အရေးနိမ့်ခဲ့တဲ့ပွဲမှာ ရုန်းကန်ခဲ့ရတဲ့ ဒေါ့မွန်လူငယ်စတားရဲ့စွမ်းဆောင်ရည်နဲ့ပတ်သက်ပြီး ဘိုင်ယန်တိုက်စစ်မှူး ဟယ်ရီကိန်းက ကာကွယ်ပြောကြားလိုက်ပါတယ်။အင်္ဂလန်အသင်းခေါင်းဆောင်က အသက် ၂၀ အရွယ်ကစားသမားအနေနဲ့ အလုပ်ဆက်ကြိုးစားဖို့အပြင် စိတ်ရှည်ရမယ်လို့ တိုက်တွန်းခဲ့ပါတယ်။
ဘယ်လင်ဟမ်ဟာ အခုနှစ်အစောပိုင်းတုန်းက ပေါင် ၂၈ သန်းနဲ့ ဒေါ့မွန်အသင်းထံ ဆန်းဒါးလန်းအသင်းကနေပြောင်းရွှေ့လာခဲ့တာဖြစ်ပါတယ်။ ဂျာမန်မြေပြောင်းပြီးကတည်းက ဘယ်လင်ဟမ်တစ်ယောက် စွမ်းဆောင်ရည်ကောင်းပြသနိုင်ဖို့ ရုန်းကန်ခဲ့ရပြီး နည်းပြ ကိုဗက်ကလည်း တည်ငြိမ်မှုရဖို့ထက် အလှည့်ကျစနစ်ကိုသာ အဓိကအသုံးပြုနေပါတယ်။ အသက် ၂၀ အရွယ်ကစားသမားဟာ ပွဲကစားချိန် ၇၃ မိနစ်မှာ လူစားဝင်လာခဲ့ပြီး အသင်းကိုကူညီပေးဖို့လုပ်ဆောင်ခဲ့ပေမယ့် သူ့အမှားကနေ အိုလစ်ဆီက ဒုတိယမြောက်ဂိုးကိုသွင်းယူခဲ့ပါတယ်
နောက်ထပ်စိတ်ပျက်စရာတစ်ခုက ဘယ်လင်ဟမ်အနေနဲ့ အဆိုပါပွဲမှာ ထိချက် ၁၅ ချက်သာရှိခဲ့တာဖြစ်ပါတယ်။
ဒီရာသီမှာ ဘယ်လင်ဟမ်တစ်ယောက် မိနစ် ၉၀ ပြည့်ပါဝင်ခွင့်မရသေးပဲ ပရိသတ်တွေ နဲ့ ဘောလုံးကျွမ်းကျင်သုံးသပ်သူတွေရဲ့ဝေဖန်မှုအောက်မှာသာ ရှင်သန်နေရပါတယ်။ ပွဲအပြီးမှာ ဘိုင်ယန်စတား ကိန်းက ဘယ်လင်ဟမ်ဘက်ကနေ ကာကွယ်ပြောကြားခဲ့ပါတယ်။ “သူ့အတွက် ခက်ခဲတဲ့အခြေအနေပါ။ သူပထမဆုံးဘောလုံးကိုထိန်းချုပ်ဖို့ ကြိုးစားခဲ့ပေမယ့် အိုလစ်ဆီက ကောင်းကောင်းတုံ့ပြန်ခဲ့ပြီး ဂိုးရအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။ သူက အလားအလာအများကြီးရှိတဲ့ကစားသမားကောင်းတစ်ဦးပါ။ လက်ရှိအချိန်မှာ သူအများကြီးကစားချင်နေမယ်ဆိုတာ ကျွန်တော်တပ်အပ်ပြောရဲပါတယ်။ ဒါပေမယ့် အခုအခြေအနေအရ သူ့အနေနဲ့ သင်ယူရဦးမှာဖြစ်ပြီး အနာဂတ်မှာတော့ အလားအလာကောင်းက ကြိုဆိုနေပါတယ်။ သူအလုပ်ဆက်ကြိုးစားဖို့တော့ လိုအပ်ပါတယ်။
ဒေါ့မွန်နည်းပြ ကိုဗစ်ကလည်း ပွဲအပြီးမှာ ဘယ်လင်ဟမ်အမှားကို ကာကွယ်ပြောကြားခဲ့ပါတယ်။ “ကျွန်တော် သူနဲ့ပတ်သက်ပြီး ဘာအမှားမှရှာမတွေ့ခဲ့ပါဘူး။ သူက လိုအပ်တဲ့နေရာမှာပဲ ရပ်နေတာပါ။ ဘောလုံးကစားရတာက ထိလွယ်ရှလွယ်ပါ။ သူ့အနေနဲ့ ကိုယ့်ဂိုးကိုယ်တော့ မသွင်းမိပါဘူး။ ဘောလုံးထိန်းဖို့ ကြိုးစားခဲ့ပေမယ့် အိုလစ်ဆီက အသာစီးယူကာ ဂိုးအဖြစ်ပြောင်းလဲနိုင်ခဲ့ပါတယ်။ သူ့အမှားမရှိပါဘူး။ အဲ့အခြေအနေနဲ့ပတ်သက်ပြီး အရာအားလုံးက အဆင်ပြေပါတယ်”လို့ ကိုဗက်က ဖြေကြားခဲ့ပါတယ်။
ဘယ်လင်ဟမ်ကတော့ လာမယ့်ပွဲတွေမှာ ယုံကြည်မှုပြန်လည်တည်ဆောက်နိုင်ဖို့ မျှော်လင့်နေပါတယ်။ ဒေါ့မွန်အနေနဲ့လည်း အမှတ်ပေးဇယားထိပ်ပိုင်းကို ပြန်လည်ချဉ်းကပ်နိုင်ဖို့ အာရုံစိုက်ရမှာဖြစ်ပြီး ဘိုင်ယန်ကိုအရေးနိမ့်ခဲ့တာကြောင့် ၇ မှတ်အထိ ကွာဟခဲ့ပြီဖြစ်ပါတယ်။ လာမယ့်ပွဲတွေမှာ ချန်ပီယံဆုကိုဆက်လက်စိန်ခေါ်ချင်တယ်ဆိုရင် အခုလိုမျိုးခြေမချော်ဖို့ ဒေါ့မွန်အနေနဲ့ ဂရုစိုက်ရမှာဖြစ်ပါတယ်။