ရော်ဘတ်ဆန်ရဲ့ နေရာလွတ်ကို အစားထိုးရန် အဆင်သင့်ဖြစ်နေတဲ့ ဆီမီးကတ်စ်
လက်စတာနဲ့ပွဲမှာ လီဗာပူးရဲ့ ဘယ်နောက်ခံနေရာမှာ ဝင်ကစားလာဖို့ရှိတဲ့ ဆီမီးကတ်စ် ဘာတွေ ပေးစွမ်းနိုင်မလဲဆိုတာ ပရီးမီးယားလိဂ်ရဲ့ နည်းစနစ်သုံးသပ်သူ အက်ဒရီယန် ကလာ့ခ်က သူရဲ့အမြင်တွေကို ဖွင့်ဟခဲ့သည်။ လီဗာပူးရဲ့ အဓိကဘယ်နောက်ခံလူ ရော်ဘတ်ဆန် ပွဲပယ်ကြောင့် ပါဝင်နိုင်ဖို့မရှိချိန်တွင် ဆီမီးကတ်စ်ဟာ ကလော့ပ်လက်အောက်မှာ ပုံမှန်ကစားခွင့် ရရှိဖို့ခြေစွမ်းပြရန် တာစူဖွယ် ရှိပါတယ်။
အသက် ၂၅နှစ်သားဟာ ယခုနှစ်အတွင်း လီဗာပူးအသင်းတွင် အခွင့်အရေးရတိုင်းမှာ ခြေစွမ်းပြ ထားနိုင်ခဲ့ပါတယ်။ ဘန်လေ၊ ခရစ္စတယ်ပဲလေ့စ်၊ အာဆင်နယ် တို့ကို နိုင်တဲ့ အိမ်ကွင်းပွဲတွေမှာ ဆီမီးကတ်စ်ဟာ စုစုပေါင်း အခွင့်အရေးဖန်တီးမှု ၁၀ကြိမ် ရှိခဲ့ပါတယ်။
ကလော့ပ်လက်အောက်မှာ ဂရိဘယ်နောက်ခံလူဟာ ကံကောင်းတယ်ဘဲ ဆိုရမလား မပြောတတ်ဘဲ ၎င်း ပွဲထွက်ကစားတဲ့ ၉ပွဲစလုံးကို လီဗာပူး နိုင်ထားပြီး ပြိုင်ပွဲစုံတွင် ၈ပွဲအထိ ပေးဂိုးမရှိအောင် ကစားထားပါတယ်။ ဆီမီးကတ်စ်ရဲ့ မှတ်တမ်းက ထိုသို့ဖြစ်သည်။ ပရီးမီးယားလိဂ် ၄ပွဲတွင် ၄ပွဲနိုင်၊ ပေးဂိုးမရှိ၊ ဖလားပွဲများတွင် ၅ပွဲကစား၊ ၅ပွဲနိုင်၊ ပေးဂိုး ၁ဂိုးသာ ရှိပါတယ်။
ဆီမီးကတ်စ်မှာ ရော်ဘတ်ဆန်၊ အာနိုးတို့ကဲ့သို့လျင်မြန်တဲ့ ပြေးအား မရှိပါဘူး။ သူရဲ့ အမြန်ဆုံး ပြေးအားက ၃၁.၈ ကီလိုမီတာသာ ရှိပြီး အာနိုး၊ရော်ဘတ်ဆန် နှစ်ယောက်လုံးက အမြင့်ဆုံး ပြေးအား ၃၄ကီလိုမီတာ ရှိပါတယ်။ ဒါပေမဲ့ ပြေးအားက သူရဲ့ အပေါင်းလက္ခဏဆောင်တဲ့ စွမ်းဆောင်ရည်ကို မကန့်သတ်နိုင်ပါဘူး။ ဂရိလက်ရွေးစင်ဟာ ရော်ဘတ်ဆန်၊ အာနိုးတို့ထက် လိမ်ခေါက်နိုင်မှု ပိုသာပြီး ဟန်ချက်ညီမှုနှင့် ဘောလုံးကျွမ်းကျင်နိုင်နင်းမှုက သူရဲ့ ကောင်းသော သက်ရောက်မှုတွေ ဖြစ်ပါတယ်။
Open play crosses တွေမှာလည်း ဆီမီးကတ်စ်ဟာ ရော်ဘတ်ဆန်၊ အာနိုးတို့ထက် ပိုသာနေတာ အံ့အားသင့်ဖွယ် တွေ့ရပါတယ်။ ဆီမီးကတ်စ်ဟာ တစ်ပွဲပျမ်းမျှ open play cross ကို ၅.၆၇ကြိမ် လုပ်ဆောင်ထားရာ အောင်မြင်မှုနူန်းကလည်း ၁.၅၉ကြိမ် ရှိပါတယ်။ အာနိုး (open play ၄.၂၅ကြိမ်)က အောင်မြင်မှုနူန်း ၁.၂၇ ၊ ရော်ဘတ်ဆန်(open play ၃.၈၅ကြိမ်) က အောင်မြင်မှုနူန်း ဝ.၈၁ သာ ရှိပါတယ်။ အခွင့်အရေးဖန်တီးမှုပိုင်းမှာ အာနိုးက ၃.၂၅ကြိမ်၊ ဆီမီးကတ်စ်က ၂.၄၉ကြိမ်၊ ရော်ဘတ်ဆန်က ၁.၉၂ကြိမ် ရှိပါတယ်။
လိမ်ခေါက်နိုင်မှုတွင် အာနိုးက ဝ.၃၈ကြိမ်၊ ဆီမီးကတ်စ်က ဝ.၉၁ကြိမ်၊ ရော်ဘတ်ဆန်က ဝ.၂၂ကြိမ် ရှိပါတယ်။ ဆီမီးကတ်စ်ရဲ့ အချက်အလက်တွေကို ကြည့်ရင် ကလော့ပ်အားကိုးနေတဲ့ အာနိုး၊ရော်ဘတ်ဆန်တို့ကို ကောင်းစွာ ယှဉ်နိုင်နေတာ တွေ့ရပါတယ်။ သူဟာ အသင်းဖော်၂ယောက်ထက် ဧရိယာအတွင်း ဖြတ်တင်ဘောတွေ ပိုလုပ်ထားသလို အခွင့်အရေးဖန်တီးမှုတွေလည်း လုပ်ထားခဲ့ပါတယ်။ အလားတူ ဖြတ်ထုတ်မှုက ၁.၈၁ကြိမ် ရှိပြီး အာနိုး (ဝ.၈၉ကြိမ်) ၊ ရော်ဘတ်ဆန် (ဝ.၆၇ကြိမ်) တို့ထက် ၂ဆ သာနေပါတယ်။
သူရဲ့ ဘယ်ခြေက အားသာချက် ဖြစ်ပြီး ဘောလုံးကို သေသပ်လှပစွာ ကစားပြနိုင်သလို သူရဲ့ ခံစစ်ပိုင်း လုပ်အားနူန်း တိုးတက်လာမှု၊ ဘောလုံးအပေါ် သက်တောင့်သက်သာစွာ ကစားနိုင်မှုတွေက အားရစရာ ကောင်းပါတယ်။ လက်စတာနဲ့ကစားမယ့် လီဗာပူးပွဲသာ ရွှေ့ဆိုင်းမှု မရှိဘဲ အမှန်တကယ် ကစားခွင့်ရခဲ့မယ်ဆိုရင် မန်စီးတီးနဲ့ပွဲက နှစ်သင်းပေါင်း ၉ဂိုး မြင်တွေ့ခဲ့ရသလိုမျိုး ဆီမီးကတ်စ်ဟာ သူရဲ့ များပြားတဲ့ ဖြတ်တင်ဘောတွေကို ပြိုင်ဘက်ဧရိယာထဲ စိတ်ကြိုက် ခြိမ်းခြောက်သွားဖို့ရှိပါတယ်။
လက်ရှိ လက်စတာအသင်းမှာ ဒဏ်ရာရကစားသမားတွေရော ကိုဗစ်ထိမှုတွေပါ ရှိနေတာကြောင့် ပြိုင်ပွဲစုံ နောက်ဆုံးကစားခဲ့တဲ့ ၂ပွဲမှာ ခံစစ်က ၁၀ဂိုး အထိ ပေးထားရတယ်။ ပြီးခဲ့တဲ့အပတ်က ကာရာဘောင်တွင် လီဗာပူးနဲ့တွေ့ထားရာမှာလည်း ၃-၁ဂိုးဖြင့် ဦးဆောင်ပြီးမှ ၃-၃ ပြန်လည်ပေးခဲ့ရကာ ပင်နယ်တီမှာ ရှုံးခဲ့ပါတယ်။
ဘယ်ခြမ်းမှာ ဆီမီးကတ်စ်၊ မာနေးတို့သာ အတွဲမိခဲ့ရင် လက်စတာနောက်တန်းက ထင်ထားတာထက် ပို အလုပ်ရူပ်ဖွယ် ရှိပါတယ်။ လက်စတာနဲ့ပွဲမှာလည်း ဆီမီးကတ်စ်ဟာ အရန်ထက် ပုံမှန်ကစားခွင့်ရမယ့် သူဆိုတာ ဆက်လက်သက်သေပြသွားမလား ဆိုတာတော့….