
မန်စီးတီးရဲ့အရေးကြီးပွဲစဉ်တွေကို လွဲချော်စေခဲ့တဲ့ ဒဏ်ရာပြဿနာအကြောင်း ဖွင့်ဟလာတဲ့ ဟာလန်း
ဒဏ်ရာပြဿနာတစ်ခုကြောင့် ရီးရဲလ်မက်ဒရစ်၊ လီဗာပူးတို့ကို ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်တွေကို လွဲချော်ခဲ့ရပြီးနောက် မန်စီးတီးကြယ်ပွင့်ဟာလန်းက သူ့ရဲ့ဆိုးရွားလှတဲ့ သီတင်းပတ်တစ်ခုအကြောင်းကို ဖွင့်ဟလာခဲ့ပါတယ်။ ဟာလန်းက ဖေဖော်ဝါရီ ၁၅ ရက်၊ နယူးကာဆယ်ကို လေးဂိုးပြတ်အနိုင်ရရှိတဲ့ ပွဲစဉ်အတွင်း ဒူးဒဏ်ရာရရှိခဲ့ကာ လွန်ခဲ့တဲ့သီတင်းပတ်၊ မန်စီးတီးအတွက် အလွန်အရေးပါတဲ့ပွဲစဉ်နှစ်ခုကို လွဲချော်ခဲ့ပါတယ်။ ဟာလန်းမပါဝင်နိုင်မှုနဲ့အတူ ပက်ဂွါဒီယိုလာရဲ့အသင်းက ရီးရဲလ်မက်ဒရစ်နဲ့ရင်ဆိုင်ရတဲ့ ဒုတိယအကျော့ပွဲစဉ်မှာ သုံးဂိုးပြတ်ရှုံးနိမ့်ကာ ချန်ပီယံလိဂ်ပြိုင်ပွဲမှ ထွက်ခွာခဲ့ရသလို ပရီးမီးယားလိဂ်မှာ ချန်ပီယံဖြစ်လာဖို့ ရေပန်းအစားဆုံးဖြစ်နေတဲ့ လီဗာပူးကို ဝ-၂ ဂိုးဖြင့် အိမ်ကွင်းအီတီဟတ်မှာ အရေးနိမ့်ခဲ့ပါတယ်။
ဟာလန်းက တော့တင်ဟမ်နဲ့ရင်ဆိုင်ရတဲ့ အခုသီတင်းပတ်၊ ပရီးမီးယားလိဂ်ပွဲစဉ်မှာတော့ မန်စီးတီးအတွက် ပြန်လည်ပါဝင်ကစားပေးခဲ့ပြီး ပထမပိုင်းပွဲချိန်အစောပိုင်းမှာပဲ အသင်းအတွက် အရေးပါတဲ့အနိုင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။လတ်တလောမှာတော့ သူက ရီးရဲလ်မက်ဒရစ်၊ လီဗာပူးတို့နဲ့ရင်ဆိုင်ရတဲ့ ပွဲကြီးပွဲကောင်းတွေကို လွဲချော်စေခဲ့တဲ့ ဒဏ်ရာပြဿနာတစ်ခုအကြောင်း ဖွင့်ဟလာခဲ့ပါတယ်။
BBC သတင်းဌာနနဲ့တွေ့ဆုံချိန် ဟာလန်းက “ကျွန်တော့်ရဲ့ခံစားချက်တွေ ကောင်းမွန်နေပါတယ်။ ပြန်ကစားနိုင်လို့ စိတ်ချမ်းသာမိပါတယ်။ ဒါက ထိတ်လန့်စရာကောင်းတဲ့ သီတင်းပတ်တစ်ခုပါ။ နိုင်ပွဲရရှိတာ ကောင်းပါတယ်။ ကျွန်တော် ပျော်ရွှင်မိပါတယ်။ဘောလုံးသမားတစ်ဦးအတွက် အလုပ်ချင်ဆုံးအရာက ပွဲကစားဖို့ပါပဲ။ ဒါပေမယ့် တခါတလေတော့ ကိုယ်ခန္ဓာရဲ့တောင်းဆိုချက်ကို လိုက်နာပေးရပါတယ်။
အမှန်ပါပဲ၊ ဒဏ်ရာရရှိတာ၊ ပွဲမကစားရတာတွေက ဘယ်လိုမှ ပျော်စရာမကောင်းပါဘူး။ ဒါပေမယ့် အကောင်းမြင်စိတ်နဲ့ ဆက်လက်ရှင်သန်ရပါမယ်။ ကျွန်တော်တို့အားလုံး ပစ္စုပ္ပန်နဲ့ အနာဂတ်အတွက်ပဲ ရည်ရွယ်လုပ်ဆောင်နိုင်ပါတယ်။ ဒီနေ့မှာတော့ အားလုံးက နိုင်ပွဲအတွက်ပဲ ဖြစ်ခဲ့ပါတယ်”လို့ ပြောပါတယ်။ ပရီးမီးယားလိဂ်ရွှေဖိနပ်ဆုရှင်က မတ် ၁ ရက်၊ ပလိုင်းမောက်နဲ့ရင်ဆိုင်ရမယ့် မန်စီးတီးအသင်းရဲ့ပွဲစဉ်မှာ အသင်းအတွက် ပွဲထွက်ပါဝင်ကစားနိုင်ဖွယ် ရှိပါတယ်။