The network connection is lost.

Banner Image

အယ်လ်နာဆာနဲ့ ရှေ့ဆက်လက်တွဲဖို့ မသေချာတော့တဲ့ ရော်နယ်ဒို

အယ်လ်နာဆာ စူပါစတားတိုက်စစ်မှူး ခရစ္စတီယာနိုရော်နယ်ဒိုဟာ အသင်းနဲ့စာချုပ်သစ်ချုပ်ဆိုရာမှာ ဆွေးနွေးညှိနှိုင်းမှုတွေအဆင်မပြေတာကြောင့် ရှေ့ဆက်လက်တွဲဖို့ မသေချာတော့ဘူးလို့ သိရပါတယ်။ 
မန်ချက်စတာယူနိုက်မှထွက်ခွာခဲ့ပြီးနောက် ၂၀၂၂ ခုနှစ်နှောင်းပိုင်းမှာ ရော်နယ်ဒိုဟာ ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်နာဆာနဲ့ စတင်ချိတ်ဆက်ခဲ့တာကြောင့် ဘောလုံးလောကတစ်ခုလုံးအတွက် အံ့အားသင့်စရာဖြစ်ခဲ့ရပါတယ်။ ထို့နောက်မှာတော့ ဥရောပထိပ်သီး ကြယ်ပွင့်တွေဖြစ်တဲ့ ကာရင်မ်ဘန်ဇီမာ၊ နေမာနဲ့ ဆာဒီယိုမာနေးတို့ကလည်း ပေါ်တူဂီသားရဲ့လမ်းစဉ်အတိုင်း ဆော်ဒီပရိုလိဂ်သို့ ပြောင်းရွှေ့ကစားခဲ့ကြပါတယ်။ 
လက်ရှိအချိန်မှာ ရော်နယ်ဒိုဟာ အယ်လ်နာဆာနဲ့ စာချုပ်သက်တမ်း ၂ လသာကျန်ရှိတော့ပေမယ့် စာချုပ်သစ်အတွက် ဆွေးနွေးညှိနှိုင်းမှုတွေ ပြုလုပ်ရာမှာ အဆင်မပြေမှုတွေရှိနေတယ်လို့သိရပါတယ်။ သတင်းတွေအရ အယ်လ်နာဆာဟာ ဆုဖလားအောင်မြင်မှုရရှိဖို့ ရုန်းကန်နေရတာကြောင့် ပေါ်တူဂီလက်ရွေးစင်အနေနဲ့ အသင်းကနေ ထွက်ခွာဖို့ ဆန္ဒရှိနေတယ်လို့သိရပါတယ်။ 
ရော်နယ်ဒိုဟာ ဒီရာသီမှာလည်း ဂိုးတွေတောက်လျှောက်သွင်းနေပြီး ဆော်ဒီပရိုလိဂ်ရဲ့ ဂိုးသွင်းအများဆုံးကစားသမားစာရင်းကို ထိပ်ဆုံကနေဦးဆောင်ထားပေမယ့် အသင်းကတော့ အမှတ်ပေးဇယားရဲ့ အဆင့် ၄ နေရာသို့ ရောက်ရှိနေတာဖြစ်ပါတယ်။ တကယ်လို့ အဆင့် ၄ နေရာနဲ့သာ ရာသီသိမ်းခဲ့မယ်ဆိုရင် အယ်လ်နာဆာဟာ အာရှချန်ပီယံလိဂ်ဝင်ခွင့်ရရှိသွားမှာမဟုတ်ပါဘူး။ 
လက်ရှိအယ်လ်နာဆာရဲ့ ရလဒ်ပိုင်းတွေကို ရော်နယ်ဒိုတစ်ယောက် အားရကျေနပ်မှုမရှိတာကြောင့် အသင်းကနေ ထွက်ခွာလိုနေတာဖြစ်ပါတယ်။ ပေါ်တူဂီလက်ရွေးစင်ဟာ ဂိုး ၁၀၀၀ အထိပြည့်မြောက်အောင် သွင်းယူနိုင်ဖို့ ဆန္ဒရှိနေတာကြောင့် အယ်လ်နာဆာမှ ထွက်ခွာခဲ့မယ်ဆိုပါကလည်း ကစားသမားဘဝမှ အနားယူဖို့မရှိသေးပါဘူး။ 
၂၀၀၂ ခုနှစ်မှာ ပေါ်တူဂီကလပ် စပို့တင်းလစ္စဘွန်းနဲ့အတူ ပရော်ဖက်ရှင်နယ်ဘောလုံးသမားဘဝကို အစပြုခဲ့တဲ့ ဘောလွန်းဒီအော် ၅ ဆုရှင် ရော်နယ်ဒိုဟာ လက်ရှိအချိန်မှာ နိုင်ငံနဲ့ ကလပ်အသင်းတွေအတွက် စုစုပေါင်း ၉၃၄ ဂိုးအထိ သွင်းယူပေးထားနိုင်ပြီလည်းဖြစ်ပါတယ်။