၁၀ နှစ်ကြာ လက်တွဲခဲ့ပြီးနောက် ပေါ်တူဂီမှာ တရားဝင် လက်ထပ်ထိမ်းမြားလိုက်တဲ့ ရော်နယ်ဒိုနဲ့ ဂျော်ဂျီနာရိုဒရီဂွက်ဇ်
ကမ္ဘာကျော်ဘောလုံးစူပါစတား ခရစ္စတီယာနိုရော်နယ်ဒိုက အတူနေချစ်သူ ဂျော်ဂျီနာရိုဒရီဂွက်ဇ်နဲ့ တရားဝင် လက်ထပ်ထိမ်းမြားလိုက်ပြီဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။
ဒီစုံတွဲက ဩဂုတ်လ ၁၁ ရက် တနင်္လာနေ့ ပေါ်တူဂီနိုင်ငံ ကတ်စကေးစ်မြို့လေးမှာ မိသားစုဝင်တွေသာ ပါဝင်တဲ့ သီးသန့် လက်ထပ်ပွဲကို ကျင်းပခဲ့တာဖြစ်ပြီး သားသမီး ၅ ဦးလည်း တက်ရောက်ခဲ့ကြပါတယ်။
ရော်နယ်ဒိုက မင်္ဂလာလက်စွပ်ပုံလေးကို အင်စတာဂရမ်ပေါ်မှာ "C❤️G" ဆိုတဲ့ စာသားလေးနဲ့အတူ မျှဝေပြီး မင်္ဂလာသတင်းကို ကြေညာခဲ့သလို ကိုယ်စားလှယ်တစ်ဦးကလည်း သတင်းမှန်ကန်ကြောင်း အတည်ပြုပေးခဲ့ပါတယ်။
ရော်နယ်ဒိုနဲ့ ဂျော်ဂျီနာတို့က လက်မထပ်ခင် ဆယ်စုနှစ်တစ်ခုနီးပါး လက်တွဲခဲ့ကြတာ ဖြစ်ပါတယ်။
သူတို့နှစ်ဦးက ၂၀၁၆ ခုနှစ် မက်ဒရစ်မြို့က Gucci ဆိုင်တစ်ခုမှာ စတင်ဆုံတွေ့ခဲ့ကြတာဖြစ်ပြီး အဲဒီအချိန်ကတည်းက စတွဲခဲ့ကြတာဖြစ်ပါတယ်။
ဂျော်ဂျီနာက ရော်နယ်ဒိုနဲ့ စတင်တွေ့ဆုံချိန်မှာ အလွန်စိတ်လှုပ်ရှားခဲ့ရသလို ရော်နယ်ဒိုကလည်း တစ်ခါတလေ အလုပ်ကို တန်ဖိုးကြီးကားတွေနဲ့ လာရောက်ကြိုဆိုလေ့ရှိကြောင်း ဖွင့်ဟခဲ့ဖူးပါတယ်။
နောက်ပိုင်းမှာတော့ ပရိသတ်တွေက ဆိုင်ရှေ့မှာ လာရောက်စုဝေးကြလို့ ဂျော်ဂျီနာ အလုပ်ထွက်ခဲ့ရပြီး ၂၀၁၇ ဇန်နဝါရီ ဖီဖာဆုပေးပွဲမှာ ပထမဆုံးအကြိမ် လူသိရှင်ကြား အတူပွဲတက်လာခဲ့ပါတယ်။
မင်္ဂလာပွဲမတိုင်ခင်က ဖွန်ချယ်ဘုရားကျောင်းမှာ လက်ထပ်ကြမယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့လို့ ပရိသတ်အများအပြား ဘုရားကျောင်းရှေ့မှာ စုဝေးခဲ့ကြပေမဲ့ အဆိုပါပွဲက တခြားပေါ်တူဂီစုံတွဲတစ်တွဲရဲ့ မင်္ဂလာပွဲသာ ဖြစ်ကြောင်း သိရှိခဲ့ရပါတယ်။
ရော်နယ်ဒိုနဲ့ ဂျော်ဂျီနာတို့ကတော့ ကတ်စကေးစ်မြို့မှာပဲ သီးသန့် မင်္ဂလာပွဲလေးကို ကျင်းပဖို့ ရွေးချယ်ခဲ့ကြပြီး ယခုအချိန်မှာတော့ တရားဝင် ဇနီးမောင်နှံတွေအဖြစ် လက်တွဲနိုင်ပြီ ဖြစ်ပါတယ်။