The network connection is lost.

Banner Image

၀က်စ်ဟမ်းကို အနိုင်ရရှိခဲ့ပေမယ့် မန်စီးတီးအသင်း ပြန်မလာနိုင်သေးပါဘူးလို့ ဝန်ခံခဲ့တဲ့ ပက်ဂွါဒီယိုလာ

ဝက်စ်ဟမ်းကို ၄-၁ ဂိုးဖြင့် ပြတ်ပြတ်သားသားအနိုင်ရရှိခဲ့ပေမယ့် မန်စီးတီးအသင်းရဲ့ရုန်းကန်ရခြင်းနေ့စွဲတွေ ပြီးဆုံးသွားပြီဆိုတဲ့ အယူအဆကို လက်ခံပေးဖို့ ပက်ဂွါဒီယိုလာ ငြင်းဆန်ခဲ့ပါတယ်။
အခုပွဲစဉ်ကို လတ်တလောရလဒ်တွေဆိုးရွားမှုကြောင့် ဝေဖန်ခံနေရတဲ့ မန်စီးတီးအသင်း ဖိအားတွေနဲ့အတူ ယှဉ်ပြိုင်ကစားခဲ့ရပါတယ်။ ဧည့်သည်ဝက်စ်ဟမ်းဘက်ကလည်း ပွဲချိန်အစပိုင်းမှာ မန်စီးတီးကို ခြိမ်းခြောက်နိုင်ဖို့ ကြိုးစားခဲ့ပေမယ့် နောက်ခံလူကူဖယ်လ်ရဲ့အစောပိုင်း O.G ဂိုးကြောင့် ပွဲရဲ့အရှိန်အဟုန်ပြောင်းလဲသွားခဲ့ပြီး မန်စီးတီးအတွက် အခွင့်အလမ်းတွေ ပေါ်ပေါက်လာခဲ့ပါတယ်။ အခုပွဲစဉ်မှာ ဟာလန်းက မန်စီးတီးအတွက် သွင်းဂိုးနှစ်ဂိုး ရယူပေးခဲ့သလို ဖိုဒန်ကလည်း အပိတ်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။ ဝက်စ်ဟမ်းအတွက် ဖူးခရက်ချ်က နှစ်သိမ့်ဂိုးသွင်းယူပေးခဲ့ပေမယ့် အီတီဟတ်မှာ အောင်ပွဲခံနိုင်လောက်ဖို့အထိ မလုံလောက်ခဲ့ပါဘူး။
အခုနိုင်ပွဲကြောင့် မန်စီးတီးက အမှတ်ပေးဇယားထိပ်ဆုံးလေးနေရာနဲ့ ရမှတ်ကွာဟမှုကို နှစ်မှတ်အထိ လျှော့ချနိုင်ခဲ့ပြီး အရေးပါတဲ့အောင်ပွဲတစ်ခု ဖန်တီးနိုင်ခဲ့ပါတယ်။ အမှတ်ပေးချန်ပီယံဆုကာကွယ်နိုင်ဖို့ မျှော်လင့်ချက်ရေးရေးလေးရှိနေသေးပေမယ့် ပက်ဂွါဒီယိုလာကတော့ အနည်းဆုံး လာမယ့်ရာသီ၊ ချန်ပီယံလိဂ်ဝင်ခွင့်တစ်နေရာစာ သေချာပေါက်ရရှိသွားဖို့သာ စိတ်အားထက်သန်နေပါလိမ့်မယ်။
မည်သို့ပင်ဆိုစေကာမူ အခုလိုအရေးပါတဲ့နိုင်ပွဲက ပက်ဂွါဒီယိုလာအတွက် ရုန်းကန်ရမှုတွေကို ကျော်ဖြတ်နိုင်ခဲ့ပြီဆိုတဲ့အတွေးမျိုး အနည်းငယ်ပေါ်ပေါက်လာအောင် လုပ်ဆောင်ပေးခဲ့ပါတယ်။
BBC Match of the Day အစီအစဉ်နဲ့တွေ့ဆုံချိန် ပက်ဂွါဒီယိုလာက “ မဟုတ်ပါဘူး။ နိုင်ပွဲရရှိခဲ့လို့ ပျော်ရွှင်မိပေမယ့် အခြားမတူညီတဲ့အကြောင်းအရင်းတွေကြောင့် ကျွန်တော်တို့အသင်း ရှိရမယ့်ပုံစံမျိုး မရှိသေးပါဘူး။ အခုပွဲစဉ်ရလဒ်ပိုင်းကတော့ အကူအညီပေးနိုင်ပါလိမ့်မယ်။ ကျွန်တော်တို့တွေ ရုန်းကန်နေရပေမယ့် အခုနိုင်ပွဲကြောင့် အသက်ရှုပေါက်တစ်ခုတော့ ရရှိခဲ့ပါတယ်”လို့ ပြောပါတယ်။
မန်စီးတီးအသင်းရဲ့နောက်ဆုံးနှစ်ပွဲဆက်အနိုင်ရရှိမှုက ပရိသတ်တွေအတွက် မျှော်လင့်ချက်ရောင်ခြည် အနည်းငယ်မျှ ပေးစွမ်းနိုင်ပေမယ့် ပက်ဂွါဒီယိုလာရဲ့အမူအရာကတော့ ပုံမှန်စွမ်းဆောင်မျိုး ပြန်လည်ရရှိလိုတဲ့ သူ့ရဲ့စိတ်ဆန္ဒကို ထင်ဟပ်နေစေခဲ့ပါတယ်။ ဂိုးပေါက်ရှေ့မှာ တည်ငြိမ်တဲ့အသွင်အပြင်မျိုးပြသလာနိုင်မှုနဲ့ ပတ်သက်လို့ သူက “ဟုတ်ပါတယ်၊ ပထမဆုံးဂိုးကြောင့် ကျွန်တော်တို့တွေ ကံကောင်းခဲ့ပါတယ်။ ပွဲအစပိုင်းမှာ ပြိုင်ဘက်က ပိုကောင်းတဲ့ပုံစံမျိုးပြသနိုင်ခဲ့ပြီး ကျွန်တော်တို့တွေ တစ်ဂိုး(သို့မဟုတ်)နှစ်ဂိုးလောက် ခွင့်ပြုပေးရဖို့ နီးစပ်ခဲ့ပါတယ်။ ဒုတိယမြောက်ဂိုးကလည်း ကျွန်တော်တို့ကို အကူအညီဖြစ်စေခဲ့ပါတယ်။ မယုံကြည်နိုင်လောက်စရာ သွင်းဂိုးဖြစ်ပေမယ့် ကျွန်တော်တို့အသင်း ရှိရမယ့်ပုံစံမျိုး မရှိသေးပါဘူး”လို့ တုံ့ပြန်ပြောကြားခဲ့ပါတယ်။
ပရီးမီးယားလိဂ်မှာ ရုန်းကန်နေရမှုတွေ ခေတ္တမျှသက်သာလာရပြီးနောက် မန်စီးတီးက ဇန်နဝါရီ ၁၁ ရက်၊ လိဂ်တူးကလပ် ဆဲလ်ဖို့ဒ်စီးတီးနဲ့ရင်ဆိုင်ရမယ့် အက်ဖ်အေဖလားပွဲစဉ်ကို အာရုံစိုက်လာပါလိမ့်မယ်။ ဒီပွဲစဉ်က ပက်ဂွါဒီယိုလာအတွက် လူစာရင်းပိုင်းအလှည့်အပြောင်းပြုလုပ်ဖို့နဲ့ လတ်တလောအရှိန်အဟုန်ကောင်းကို ဆက်လက်တည်ဆောက်သွားနိုင်ဖို့ အခွင့်အရေးတစ်ရပ် ဖြစ်လာပါလိမ့်မယ်။