သူစောင့်ကြည့်ခဲ့ရတဲ့ ယူနိုက်တက်ကစားသမားဟောင်းတစ်ဦးရဲ့အမည်ကို ထုတ်ဖော်ပြောကြားလာတဲ့ ဇာကီ
မကြာသေးမီကမှ ခေါ်ယူထားခဲ့တဲ့ မန်ချက်စတာယူနိုက်တက်ကစားသမားသစ် ဂျိုရှူးဝါးဇာကီက သူ့ရဲ့စောင့်ကြည့်ခဲ့ရတဲ့ ဘောလုံးသူရဲကောင်း ၂ ဦးရဲ့အမည်ကို ထုတ်ဖော်ပြောကြားခဲ့ပြီး အဆိုပါ ကစားသမား ၂ ထဲမှ ၁ ဦးဟာ အိုးလ်ထရက်ဖို့ဒ်မှာကစားခဲ့ဖူးပါတယ်။
ဇာကီဟာ ပြီးခဲ့တဲ့ ရက်သတ္တပတ်အကုန်မှာ စီးရီးအေကလပ် ဘိုလော့ဂ်နာမှ ပေါင် ၃၆.၅ သန်းနဲ့ အိုးလ်ထရက်ဖို့ဒ်သို့ စတင်ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ တိုက်စစ်မှူးဟာ ပြီးခဲ့တဲ့ ရာသီက ဘိုလော့ဂ်နာအတွက် ၁၂ ဂိုး သွင်းယူခဲ့ပြီး ဂိုးဖန်တီးမှု ၇ ကြိမ်ပြုလုပ်ခဲ့ကာ အသင်းကို ချန်ပီယံလိဂ်ဝင်ခွင့်ရစေခဲ့ပါတယ်။
ယူနိုက်တက်နဲ့ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဇာကီက “ဒီကိုပြောင်းဖို့က ခက်ခဲတဲ့ဆုံးဖြတ်ချက်တော့မဟုတ်ပါဘူး။ ကျွန်တော်ဘိုလော့ဂ်နာကို အရမ်းချစ်ပါတယ်။ ဒါပေမယ့် မန်ချက်စတာယူနိုက်တက်ကို ပြောင်းရွှေ့ရတာကလည်း အရမ်းကောင်းတဲ့ခံစားချက်ပါ။ ပြီးခဲ့တဲ့ ရက်သတ္တပတ်ကတော့ ကျွန်တော့်အတွက် ရိုလာကိုစတာစီးနေရသလိုပါပဲ။ ဒါပေမယ့် အချို့အတွေ့အကြုံတွေက အရမ်းကောင်းပါတယ်။ ဒီမှာရှိရတာ အရမ်းပျော်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး အကြိုက်ဆုံးဘောလုံးသမားတွေက ဘယ်သူလဲလို့မေးမြန်းခဲ့ရာမှာ နယ်သာလန် လက်ရွေးစင်ကစားသမားက ဘရာဇီးဂန္ထဝင် ရော်နယ်ဒင်ဟိုနဲ့ ယူနိုက်တက်ကစားသမားဟောင်း ဇလာတန်အီဘရာဟီမိုဗစ်တို့ဖြစ်ကြောင်း ဖြေကြားခဲ့ပါတယ်။
ဇာကီက “ကျွန်တော့်ရဲ့ဘောလုံးသူရဲကောင်းကတော့ သေချာပေါက် ရော်နယ်ဒင်ဟိုပါ။ ကျွန်တော် အသက်ကြီးလာတဲ့အမျှ စောင့်ကြည့်ခဲ့ရတဲ့နောက်ထပ် ကစားသမားကတော့ အီဘရာဟီမိုဗစ်ပါ။ ဒါ့ပေမယ့် ရော်နယ်ဒင်ဟိုကိုတော့ အကြိုက်ဆုံးဖြစ်ခဲ့မယ်ထင်ပါတယ်” လို့ပြောကြားခဲ့တာဖြစ်ပါတယ်။
ထာဝရအကောင်းဆုံး ဂိုးသွင်းသူတွေထဲမှာ တစ်ဦးအပါအဝင်ဖြစ်တဲ့ အီဘရာဟီမိုဗစ်ဟာ ၂၀၁၆ နဲ့ ၂၀၁၈ ခုနှစ်အတောအတွင်း ယူနိုက်တက်မှာ ၁ နှစ်ခွဲကြာ ကစားခဲ့ပြီး ၂၉ ဂိုးအထိ သွင်းယူနိုင်ခဲ့ပါတယ်။ ဒါ့အပြင်ကစားသမားဟာ အသင်းနဲ့အတူ လိဂ်ဖလားနဲ့ ယူရိုပါလိဂ်ဖလားကိုလည်း ၂ နှစ်အတွင်း ဆွတ်ခူးနိုင်ခဲ့ပါတယ်။
လက်ရှိအချိန်မှာ အေစီမီလန်ရဲ့အကြီးတန်းအရာရှိအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ အီဘရာဟီမိုဗစ်ဟာ ယူနိုက်တက်နဲ့အပြိုင် ဇာကီကို ခေါ်ယူနိုင်ဖို့ကြိုးစားခဲ့ပေမယ့် အခုလိုလက်လွှတ်ခဲ့ရတဲ့အတွက်လည်း စိတ်မပျက်မိကြောင်း ပြောကြားထားပါတယ်။
ဆက်လက်ပြီး ဇာကီက “ကျွန်တော်တို့က ဖန်တီးနိုင်မှုမြင့်မားပြီး ဘောလုံးကိုင်ကစားတဲ့အချိန်မှာ ပိုကောင်းတဲ့ကစားသမားမျိုးပါ။ ပြီးတော့ ကျွန်တော့်ကို ခန့်မှန်းရခက်တဲ့ကစားသမားလို့ နာမည်တပ်တာက ပြီးပြည့်စုံတယ်လို့ထင်ပါတယ်။ ဘောလုံးသမားတစ်ယောက်အနေနဲ့ တစ်ဦးချင်းမဟုတ်ဘဲ အသင်းလိုက်ကစားတတ်ဖို့က အရေးအကြီးဆုံးပါပဲ။ ကွင်းထဲကိုလာကြည့်တဲ့ပရိသတ်တွေကိုပျော်ရွှင်အောင်လုပ်ပေးဖို့လိုပြီး ပွဲကိုလည်း ဂရုစိုက်ဖို့လိုပါတယ်” “အသက်ကြီးလာတာနဲ့အမျှ ကစားသမားကြီးတွေနဲ့ ကစားခွင့်ရခဲ့တာက ကျွန်တော့်ကို အသင်းမှာ လိုက်လျောညီထွေဖြစ်စေပါတယ်။ ဒါတွေကို ဟော်လန်မှာ ငယ်ငယ်ကတည်းက သင်ယူခဲ့ရတာပါ” လို့ပြောကြားခဲ့ပါတယ်။
အသက်-၂၃ နှစ်အရွယ်ကစားသမားဟာ ဩဂုတ်လရောက်မှသာ ယူနိုက်တက် အသင်းဖော်သစ်တွေနဲ့ စတင်တွေ့ဆုံသွားရမှာဖြစ်ပြီး အသင်းအတွက် ကစားခွင့်ရတဲ့အချိန်မှာတော့ အီဘရာဟီမိုဗစ်လို အသင်းအတွက် သက်ရောက်မှု ကြီးကြီးမားမားပြုလုပ်နိုင်ဖို့မျှော်လင့်ရမှာဖြစ်ပါတယ်။ ဇာကီအနေနဲ့ ယူနိုက်တက်ကစားသမားဘဝ ပွဲဦးထွက်ကို မန်စီးတီးနဲ့ယှဉ်ပြိုင်သွားရမယ့် ကွန်မြူနတီဒိုင်းပွဲစဉ်မှာ စတင်ကစားသွားရဖွယ်ရှိပါတယ်။