ယူနိုက်တက်သို့ အပြောင်းအရွှေ့အတွက် ဆေးစစ်မှုခံယူရန် အင်္ဂလန်ကိုရောက်ရှိလာတဲ့ ဇာကီ
ဘိုလော့ဂ်နာကြယ်ပွင့် ဂျိုရှူးဝါးဇာကီဟာ မန်ချက်စတာယူနိုက်တက်သို့ပြောင်းရွှေ့ဖို့ ကြာသပတေးနေ့က အင်္ဂလန်ကိုရောက်လာပြီး ဆေးစစ်မှုခံယူနေပြီလို့ သတင်းတွေက ဖော်ပြလာပါတယ်။ ဒါကြောင့် တိုက်စစ်မှူးဟာ ယူနိုက်တက်ရဲ့ နွေရာသီပထမဆုံး ခေါ်ယူမှုဖြစ်လာဖို့ရှိနေပြီး အိုးလ်ထရက်ဖို့ဒ်အသင်းအနေနဲ့ ကစားသမားအတွက် ပြောင်းရွှေ့ကြေးကို အရစ်ကျပေးချေဖို့ သဘောတူညီမှုရထားတယ်လို့သိရပါတယ်။
ယူနိုက်တက်အနေနဲ့ နယ်သာလန်လက်ရွေးစင်ကစားသမားကိုခေါ်ယူဖို့ ပြောင်းရွှေ့ကြေးကို တစ်ခါတည်းအပြီးသတ်ပေးချေသွားမှာမဟုတ်ဘဲ ခွဲဝေပေးချေသွားမှာဖြစ်လို့ လက်ရှိသဘောတူထားတဲ့ ပေါင် ၃၄ သန်းထက်တော့ အနည်းငယ်ပိုများတဲ့ပမာဏ ကုန်ကျသွားဖွယ်ရှိပါတယ်။ ကစားသမားဟာ အသင်းနဲ့ ၂၀၂၉ အထိ စာချုပ် ချုပ်ဆိုသွားမှာဖြစ်ပြီး နောက်ထပ် ၁၂ လ အပိုရွေးချယ်ခွင့်ပါဝင်သွားမှာဖြစ်ပါတယ်။
နယ်သာလန်လက်ရွေးစင်အသင်းအတွက် နောက်ကျအစားထိုး ကစားသမားအဖြစ် ရွေးချယ်ခြင်းခံခဲ့ရတဲ့ ဇာကီဟာ မကြာသေးမီ ရက်သတ္တပတ်တွေအတွင်းမှာ အသင်းနဲ့အတူ ယူရို ၂၀၂၄ မှာပါဝင်ခွင့်ရခဲ့ပါတယ်။ သို့သော်လည်း ဗုဒ္ဓဟူးနေ့က ယှဉ်ပြိုင်ခဲ့တဲ့ ဆီမီးဖိုင်နယ်ပွဲစဉ်မှာတော့ နယ်သာလန်က အင်္ဂလန်ကို ၁-၂ နဲ့ ရှုံးနိမ့်ခဲ့တာကြောင့် ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပြီဖြစ်ပါတယ်။ ဒါကြောင့် ယခုအခါမှာတော့ ကစားသမားဟာ ယူနိုက်တက်သို့ပြောင်းရွှေ့ဖို့အတွက် နောက်ဆုံးအဆင့်တွေကို အပြီးသတ် ဆောင်ရွက်နေပြီဖြစ်ပါတယ်။
ယူနိုက်တက်အနေနဲ့ ဇာကီကို ပြီးခဲ့တဲ့လက အသင်းမှထွက်ခွာသွားခဲ့တဲ့ တိုက်စစ်မှူး အန်တိုနီမာရှယ်နေရာမှာ အစားထိုးသွားဖို့ရည်ရွယ်ထားပါတယ်။ မာရှယ်ဟာ ဒဏ်ရာပြဿနာတွေနဲ့ ရုန်းကန်နေရတာကြောင့် ပြီးခဲ့တဲ့ ၂၀၂၃-၂၄ ရာသီမှာတော့ ယူနိုက်တက်ရဲ့တိုက်စစ်ကို ရက်စ်မက်စ်ဟွိုက်လန်းတစ်ဦးတည်းက ဦးဆောင်ခဲ့ရတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ရာသီက ဘိုလော့ဂ်ကို စီးရီးအေ အမှတ်ပေးဇယားရဲ့ အဆင့် ၅ နေရာမှာ ရပ်တည်စေခဲ့ပြီး ချန်ပီယံလိဂ်ဝင်ခွင့်ရစေခဲ့တဲ့ ဇာကီဟာ ယခုအခါမှာတော့ ယူနိုက်တက်ရဲ့တိုက်စစ်ကို ကူညီအားဖြည့်ပေးနိုင်ဖို့ ကြိုးစားသွားရမှာဖြစ်ပါတယ်။ အသက်-၂၃ နှစ်အရွယ် ကစားသမားဟာ ဟွိုက်လန်းနဲ့ ရုပ်ပိုင်းဆိုင်ရာအရ တူညီသော်လည်း ပုံမှန်အားဖြင့် ဘယ်ဘက်ခြမ်းမှာ အားသန်တဲ့ ကစားသမားတစ်ယောက်ဖြစ်ပြီး ဂိုးဖန်တီးနိုင်မှုစွမ်းရည်ကြောင့် ရော်နယ်ဒင်ဟို၊ ဟယ်ရီကိန်းတို့နဲ့နှိုင်းယှဉ်ခံရလေ့ရှိပါတယ်။
ဇာကီကို ခေါ်ယူလိုက်နိုင်ပြီးနောက်မှာတော့ ယူနိုက်တက်ဟာ နောက်ထပ်ကစားသမားတွေဖြစ်တဲ့ ဒီလစ်၊ ဘရန့်ဝိတ်နဲ့ ယိုရိုတို့ကိုပစ်မှတ်ထားနေပြီး ဗဟိုခံစစ်ကို အင်အားဖြည့်တင်းဖို့ ပြင်ဆင်သွားမှာဖြစ်ပါတယ်။