The network connection is lost.

Banner Image

မက်ဆီနဲ့နှိုင်းယှဉ်မှုတွေကို ပြန်လည်တုံ့ပြန်လာခဲ့ပြီး ကျောနံပါတ် ၁၀ အင်္ကျီကို ဝတ်ဆင်လိုကြောင်းပြောကြားလာတဲ့ ယာမယ်လ်

ဘာစီလိုနာရဲ့ပါရမီရှင်တောင်ပံကစားသမားလေး လာမိုင်းယာမယ်လ်က သူ့ကိုကလပ်ဂန္ထဝင် လီယွန်နယ်မက်ဆီနဲ့နှိုင်းယှဉ်မှုတွေအပေါ် ဝမ်းမြောက်မိတယ်လို့ဝန်ခံခဲ့ပြီး မက်ဆီဝတ်ဆင်ခဲ့တဲ့ ကျောနံပါတ် ၁၀ အင်္ကျီကိုလည်းဝတ်ဆင်လိုတယ်လို့ ပြောကြားခဲ့ပါတယ်။  သို့သော်လည်း အသက်-၁၆ နှစ်အရွယ်ကစားသမားက မက်ဆီရရှိခဲ့တဲ့ ကစားသမားဘဝမျိုးကို ရနိုင်ဖို့က မဖြစ်နိုင်ကြောင်းနဲ့ အာဂျင်တီးနားသားရဲ့ တစ်ဝက်လောက်အောင်မြင်မှုရဖို့တော့မျှော်လင့်ကြောင်း ထပ်လောင်းပြောကြားခဲ့ပါတယ်။

ယာမယ်ဟာ အသက်အရွယ်အနေနဲ့ အတော်လေးငယ်ရွယ်သေးပေမယ့် ဘာစီလိုနာအသင်းအတွက်သာမက စပိန်လက်ရွေးစင်အသင်းအတွက်ပါ အရေးပါတဲ့ကစားသမားအဖြစ် အဓိက အခန်းကဏ္ဍကနေ ပါဝင်ထားနိုင်တာဖြစ်ပါတယ်။ အသက်-၁၆ နှစ်သာရှိသေးပေမယ့် တောင်ပံကစားသမားဟာ ဘောလုံးစွမ်းရည်သာမက အသက်အရွယ်နဲ့မလိုက်တဲ့ ရင့်ကျက်မှုမျိုးကိုပါ ပြသထားနိုင်ပါတယ်။

ဒါကြောင့် ဘာစီလိုနာပရိသတ်တွေက လူငယ်ကစားသမားလေးကို ကလပ်ရဲ့ဂန္ထဝင်ကစားသမား မက်ဆီနဲ့နှိုင်းယှဉ်မှုတွေပြုလုပ်လာခဲ့ပေမယ့် ကစားသမားကတော့ “မက်ဆီက သမိုင်းတစ်လျှောက်အကောင်းဆုံးကစားသမားပါ။ သူနဲ့နှိုင်းယှဉ်ဖို့ဆိုရင် မယုံနိုင်စရာခြေစွမ်းမျိုးရှိမှရပါမယ်။ ဒါပေမယ့် ဘယ်သူ့ကိုမှသူနဲ့နှိုင်းယှဉ်လို့မရပါဘူး။ ကျွန်တော့်အနေနဲ့ကတော့ မက်ဆီရဲ့ကစားသမားဘဝ တစ်ဝက်လောက်ပဲအောင်မြင်မှုရဖို့မျှော်လင့်ပါတယ်။ ဘယ်ကစားသမားမှ မက်ဆီလို့ဖြစ်လာမှာမဟုတ်ပါဘူး။ ဒီလိုနှိုင်းယှဉ်မှုမျိုးက အနှိုင်းခံရတဲ့ကစားသမားအတွက်တောင် ထိခိုက်စေနိုင်ပါတယ်”လို့ပြောကြားခဲ့ပါတယ်။

လာမယ့်ရာသီမှာတော့ ယာမယ်အနေနဲ့ ဘာစီလိုနာရဲ့နံပါတ် ၁၀ အင်္ကျီကိုဝတ်ဆင်သွားဖွယ်ရှိနေတယ်လို့ ခန့်မှန်းမှုတွေရှိနေပါတယ်။ လက်ရှိဘာစီလိုနာရဲ့ နံပါတ် ၁၀ ပိုင်ရှင်ဟာ အန်ဆူဖာတီဖြစ်သော်လည်း ကစားသမားဟာ ပြီးခဲ့တဲ့ရာသီက ဘရိုက်တန်သို့အငှားချခံခဲ့ရတာကြောင့် လောလောဆယ်မှာတော့ နံပါတ် ၁၀ အင်္ကျီဟာ ပိုင်ရှင်မဲ့နေပါတယ်။ ယခုအခါမှာတော့ ယာမယ်က ဘာစီလိုနာရဲ့နံပါတ် ၁၀ အင်္ကျီကိုဝင်ဆင်နိုင်ဖို့က သူ့ရဲ့အိပ်မက်ဖြစ်တယ်လို့ဝန်ခံခဲ့ပေမယ့် လောလောဆယ်မှာတော့ ဖာတီက အဆိုပါနံပါတ်ရဲ့ ပိုင်ရှင်ဖြစ်တယ်လို့ ဆိုလာပါတယ်။

တောင်ပံကစားသမားက “အသင်းရဲ့နံပါတ် ၁၀ အင်္ကျီပိုင်ရှင်က အန်ဆူဖာတီပါ။ တကယ်လို့ သူ့အနေနဲ့အသင်းမှာမရှိတော့တဲ့အချိန်မှာ အသင်းက ကျွန်တော့်ကိုနံပါတ် ၁၀ အင်္ကျီဝတ်ဖို့ကမ်းလှမ်းလာရင်တော့ ကျွန်တော်လက်ခံသွားမှာပါ။ ဒါက ကျွန်တော့်ရဲ့အိပ်မက်တစ်ခုပါပဲ”လို့ ပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီး အသင်းကနေ နည်းပြဇာဗီ ထွက်ခွာသွားခဲ့တာက ဝမ်းနည်းစရာကောင်းတဲ့အကြောင်းကို ယာမယ်က “ဇာဗီထွက်ခွာသွားတဲ့နေ့က အရမ်းဝမ်းနည်းစရာကောင်းပါတယ်။ သူက ကျွန်တော့်ကို ပထမဆုံးပွဲထွက်စေခဲ့ပြီး ယုံကြည်ပေးခဲ့တဲ့ နည်းပြပါ”လို့ ပြောကြားခဲ့ပါတယ်။