ပရိသတ်တွေရဲ့မျှော်လင့်ချက်က အသင်းအတွက် တွန်းအားတစ်ခုဖြစ်စေတယ်လို့ဆိုလာတဲ့ နာဂယ်စ်မန်း
ဂျာမနီလက်ရွေးစင်နည်းပြ ဂျူလီယန်နာဂယ်စ်မန်းက ၈ နှစ်တာကာလအတွင်း အသင်းရဲ့ပထမဆုံးရှုံးထွက်အဆင့်ကိုကျော်ဖြတ်နိုင်ခဲ့ခြင်းက ပရိသတ်တွေအတွက် မျှော်လင့်ချက်တွေကိုတိုးပွားစေကြောင်းနဲ့ ပရိသတ်တွေရဲ့မျှော်လင့်ချက်က အပြန်အလှန်အနေနဲ့ အသင်းအတွက် တွန်းအားဖြစ်စေတယ်လို့ ပြောကြားလာခဲ့ပါတယ်။
ယမန်နေ့ညက ယှဉ်ပြိုင်ခဲ့တဲ့ ယူရို ၂၀၂၄ ရှုံးထွက် ၁၆ သင်းအဆင့်ပွဲစဉ်မှာ အိမ်ရှင်ဂျာမနီဟာ ဒိန်းမတ်ကို ၂-၀ နဲ့အနိုင်ရပြီး နောက်တစ်ဆင့်ကိုတက်ရောက်နိုင်ခဲ့ပါတယ်။ ပွဲအပြီးမှာတော့ အသင်းနည်းပြ နာဂယ်စ်မန်းက ယခုပွဲစဉ်အတွင်း ပွဲအစ မိနစ် ၂၀ မှာကစားခဲ့တဲ့ စွမ်းဆောင်ရည်က ပြိုင်ပွဲတစ်လျှောက်မှာ အကောင်းဆုံးစွမ်းဆောင်ရည်ဖြစ်ခဲ့တယ်လို့ ဆိုလာခဲ့ပါတယ်။
နာဂယ်စ်မန်းက "ကျွန်တော်တို့မှာ ပုံမှန်ထက်ပိုပြီး ဖိအားမရှိဘူးလို့ထင်ပါတယ်။ ပရိသတ်တွေနဲ့ သူတို့ရဲ့မျှော်လင့်ချက်ကလည်း ကျွန်တော်တို့အတွက် တွန်းအားဖြစ်စေပါတယ်။ ဖိအားတွေကိုလည်း ကျွန်တော်တို့ကိုင်တွယ်နိုင်ပါတယ်။ တကယ်တော့ ဖိအားတွေနဲ့ကစားရတာက ကစားသမားတွေအတွက်တော့ အခွင့်ထူးတစ်ခုပါပဲ။ ကျွန်တော် သူတို့ကို လက်ရှိအခြေအနေက အခွင့်ထူးဖြစ်တယ်ဆိုတာ ပြောပြထားပါတယ်။ ကစားသမားတွေအားလုံး ဒီအခြေအနေကို နေသားကျနေပြီဆိုတော့ ပြဿနာမရှိပါဘူး" လို့ပြောကြားခဲ့ပါတယ်။
ဂျာမနီဟာ ယခုပွဲစဉ်ကို သက်တောင့်သက်သာအနိုင်ရခဲ့တဲ့အပြင် ယခုထက်ပိုပြီး သွင်းဂိုးတွေပိုမိုရရှိနိုင်ခဲ့သော်လည်း ဒိန်းမတ်ဂိုးသမား ကက်စ်ပါရှမိုက်ကယ်ရဲ့ လက်စွမ်းပြကာကွယ်မှုတွေကြောင့် ၂ ဂိုးသာရရှိခဲ့တာဖြစ်ပါတယ်။
သို့သော်လည်း ဂျာမနီဟာ ပထမပိုင်းမှာတော့ ဂိုးမသွင်းနိုင်ခဲ့ဘဲ ဒုတိယပိုင်းမှသာ ပင်နယ်တီမှတစ်ဆင့် ဦးဆောင်ဂိုးရရှိခဲ့တာဖြစ်ပါတယ်။ ပင်နယ်တီမပေးရခင်မှာ ဒိန်းမတ်က ဦးဆောင်ဂိုးကို အရင်သွင်းယူနိုင်ခဲ့သော်လည်း VAR နဲ့ပြန်လည်စစ်ဆေးရာမှာ မဖြစ်စလောက်လူကျွံနေလဲ့လို့ ဂိုးအဖြစ် ခွင့်ပြုခြင်းမရှိခဲ့ပါဘူး။
ပင်နယ်တီရခဲ့တဲ့အခြေအနေနဲ့ပတ်သက်ပြီး နာဂယ်စ်မန်းက "ပင်နယ်တီနဲ့ပတ်သက်ပြီး ဒိန်းမတ်အနေနဲ့ ကျေနပ်နိုင်မှာမဟုတ်ပါဘူး။ ကျွန်တော်နားလည်ပါတယ်။ သူတို့ ရည်ရွယ်ချက်ရှိရှိလုပ်ခဲ့တာမဟုတ်လို့ ဒါက ကြမ်းတမ်းတဲ့ ဆုံးဖြတ်ချက်ပါ။ ဒါပေမယ့် ကျွန်တော်တို့အနေနဲ့ စည်းမျဉ်းတွေကို လက်ခံရပါမယ်" လို့ပြောကြားခဲ့ပါတယ်။