ဘရန့်ဝိတ်ကို လစာတိုးပေးပြီး အသင်းမှာဆက်လက်ထိန်းသိမ်းသွားမယ့် အဲဗာတန်
အဲဗာတန်ဟာ မန်ချက်စတာယူနိုက်တက်က အသည်းအသန်ချိတ်ဆက်နေတဲ့ အသင်းရဲ့နောက်ခံလူ ဂျာရတ်ဘရန့်ဝိတ်ကို စာချုပ်သစ်ကမ်းလှမ်းပြီး လစာတိုးပေးကာ အသင်းမှာ ဆက်လက်ထိန်းသိမ်းနိုင်ဖို့ ပြင်ဆင်နေပါတယ်။
အသက်-၂၂ နှစ်အရွယ်ကစားသမားဟာ ယခုနွေရာသီအတွင်း ယူနိုက်တက်နည်းပြ အဲရစ်တန်ဟက်ရဲ့ ထိပ်တန်းပစ်မှတ်တွေထဲမှာပါဝင်နေတာဖြစ်ပါတယ်။ သို့သော်လည်း အဲဗာတန်အကြီးအကဲတွေက ကစားသမားကို ပေါင်သန်း ၇၀ အထိ တန်ကြေးသတ်မှတ်ထားတာကြောင့် ယူနိုက်တက်အနေနဲ့ သဘောတူညီမှုရရှိဖို့ ခက်ခဲနေတာဖြစ်ပါတယ်။
ယူနိုက်တက်က ကစားသမားကို အသင်းမှာ တစ်ပတ်လုပ်ခ ပေါင် ၁ သိန်း ၆ သောင်းအထိပေးချေသွားမယ်လို့ ဆွဲဆောင်ထားတာကြောင့် ယခုအခါမှာ အဲဗာတန်က ကစားသမားကို လစာတိုးမြှင့်ပေးပြီး အသင်းမှာဆက်လက်ထိန်းသိမ်းထားဖို့ ကြိုးစားလာတာဖြစ်ပါတယ်။
လက်ရှိအချိန်မှာတော့ ဘရန့်ဝိတ်ဟာ အဲဗာတန်မှာ တစ်ပတ်လုပ်ခ ပေါင် ၄ သောင်းဝန်းကျင်သာရရှိနေတာဖြစ်ပါတယ်။ ကမ်းလှမ်းချက်အသစ်သာ အလုပ်ဖြစ်ခဲ့မယ်ဆိုရင်တော့ အဲဗာတန်အနေနဲ့ ယူနိုက်တက်ရဲ့ရန်ကိုသာမက ကစားသမားကို စိတ်ဝင်စားနေတဲ့ မန်စီးတီးရဲ့ရန်ကိုပါ ကာကွယ်နိုင်မှာဖြစ်ပါတယ်။
ယခုတစ်ပတ်အတွင်းမှာပဲ ဘရန့်ဝိတ်ကလည်း အဲဗာတန်မှာ နေထိုင်ရတာပျော်ရွှင်နေကြောင်းကို “ကျွန်တော့်အနေနဲ့ ပြီးခဲ့တဲ့ရာသီနဲ့ အခုရာသီကြိုပွဲစဉ်တွေမှာ သင်ယူနိုင်ခဲ့တဲ့ အရာတွေအကုန်လုံးကို နောက်ရာသီမှာ ပေါင်းစပ်အသုံးချနိုင်မယ်လို့ထင်ပါတယ်။ ပြီးခဲ့တဲ့ရာသီက ကစားခဲ့တဲ့ ပွဲစဉ်တွေမှာ ကျွန်တော်လိုအပ်နေတဲ့ အတွေ့အကြုံတွေကို ရရှိခဲ့တယ်လို့ထင်ပါတယ်။ လာမယ့်ရာသီမှာတော့ ဆက်လက်သင်ယူပြီး အသင်းအတွက် အသုံးချသွားမှာပါ။ ခံစစ်မှတ်တမ်းကောင်းရှိထားတာက ရာသီသစ်မှာ စတင်နိုင်ဖို့ ယုံကြည်မှုရှိစေပါတယ်” “ဒါပေမယ့် အသင်းကို ပံ့ပိုးပေးနိုင်တာ နောက်ခံလူတွေပဲမဟုတ်ပါဘူး။ မန်နေဂျာရဲ့ဦးဆောင်မှုနဲ့အတူ အသင်းတစ်သင်းလုံးရဲ့ ကစားသမားတွေက တတ်နိုင်သလောက်အနိုင်ရဖို့နဲ့ အမှတ်ရနိုင်သလောက်ယူသွားဖို့ ကြိုးစားသွားမှာဖြစ်ပါတယ်။ လာမယ့်ရာသီမှာ တူညီတဲ့ခြေစွမ်းတွေ ဆက်လက်ပြသနိုင်မယ်လို့ထင်ပါတယ်။ လောလောဆယ်တော့ ရာသီကြိုပွဲစဉ်တွေမှာ အနိုင်ကစားပြီး ရာသီသစ်အတွက် အရှိန်ရလာအောင် ကြိုးစားသွားရပါမယ်” လို့ ပြောကြားခဲ့ပါတယ်။
မကြာသေးမီက ယူနိုက်တက်ဟာ အသင်းရဲ့ဗဟိုခံစစ်နေရာအတွက် လိုင်လီကြယ်ပွင့် လန်နီယိုရိုကို ပေါင် ၅၂ သန်းနဲ့ခေါ်ယူထားခဲ့ပြီးဖြစ်ပါတယ်။ အသက်-၁၈ နှစ်အရွယ် နောက်ခံကစားသမားဟာ ရိန်းဂျားကို ၂-၀ နဲ့အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ ယူနိုက်တက်အတွက် ပထမဆုံးအကြိမ် ပါဝင်ကစားခဲ့ပြီး ခြေစွမ်းပြသနိုင်ခဲ့ပါတယ်။
ယူနိုက်တက်ပရိသတ်တွေအနေနဲ့လည်း ယိုရိုရဲ့ခြေစွမ်းကို ကျေနပ်အားရနေကြပြီး ဆိုရှယ်မီဒီယာမှ တစ်ဆင့် ချီးကျူးပြောဆိုမှုတွေပြုလုပ်ခဲ့ကြပါတယ်။ ပရိသတ်အချို့က ယိုရိုကို ဂန္ထဝင်နောက်ခံလူဟောင်း ရီယိုဖာဒီနန်နဲ့ နှိုင်းယှဉ်နေကြသလို အချို့ကလည်း ဒီရာသီ ပရီးမီးယားလိဂ်ဖလားကို ယူမယ်အထိပါ ကြွေးကြော်နေကြတာဖြစ်ပါတယ်။
ယူနိုက်တက်ဟာ ဘိုင်ယန်မြူးနစ်နောက်ခံလူ ဒီလစ်ကိုလည်း ပေါင်သန်း ၄၀ နဲ့ခေါ်ယူဖို့ ဆွေးနွေးမှုတွေပြုလုပ်နေဆဲဖြစ်ပါတယ်။ ယခင်က အေဂျက်စ်မှာ ဒီလစ်နဲ့လက်တွဲခဲ့ဖူးတဲ့ တန်ဟက်က “ဒီလစ် အသင်းကို ရောက်လာမလားဆိုတာ ကျွန်တော်တို့ စောင့်ကြည့်ရပါဦးမယ်။ အသင်းရဲ့ ကစားသမားသစ်စုဆောင်းရေး ဌာနက အပြင်းအထန်အလုပ်လုပ်နေပြီး ကစားသမားကောင်းတွေကို ခေါ်ယူထားနိုင်ခဲ့ပါပြီ။ ကျွန်တော်တို့အနေနဲ့ နယ်သာလန် ကစားသမားတွေကိုပဲ ပစ်မှတ်ထားမိနေတယ်ဆိုတာ တိုက်ဆိုင်မှုတစ်ခုပါပဲ။ ကျွန်တော်တို့က အသင်းအတွက်သင့်တော်တဲ့ အကောင်းဆုံးကစားသမားတွေကိုပဲ ရွေးချယ်သွားမှာပါ”လို့ ပြောကြားခဲ့ပါတယ်။