
ဂါဗီက ဘာစီလိုနာရဲ့ နှလုံးသားပါ လို့ဆိုတဲ့ ဇာဗီ
ဘာစီလိုနာအသင်းနည်းပြဖြစ်သူ ဇာဗီသည် ရီးရဲလ်ဘက်တစ်ကို ၅-၀ ဖြင့် အနိုင်ရရှိခဲ့သောပွဲစဉ်တွင် ဘာစီလိုနာကစားသမားများ၏ စွမ်းဆောင်ရည်ကို သဘောကျခဲ့သော်လည်း ဂါဗီအား အထူးချီးကျူးခဲ့ပါတယ်။
ဂျာအိုဖီးလစ်နှင့် ကန်ဆယ်လိုတို့နှစ်ဦးစလုံးဟာ ဘာစီလိုနာအသင်းနဲ့ စတင်ပွဲထွက်ခွင့်ရတဲ့ ပွဲစဉ်မှာပဲ ပွဲဦးထွက်သွင်းဂိုးများကိုရရှိပြီး နည်းပြချုပ်ရဲ့ နှစ်သက်မှုကိုရရှိခဲ့ပါတယ်။ ထို့ပြင် ကွန်ဒီ နှင့် ဒီဂျောင်တို့ကလည်း အဆိုပါပွဲစဉ်မှာ ခြေစွမ်းပြသနိုင်ခဲ့ကြပါတယ်။
ထိုနိုင်ပွဲမှာ တိတ်တဆိတ် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ခဲ့သည့် ကစားသမား တစ်ဦးမှာ ဂါဗီဖြစ်ပါတယ်။ မည်သည့်ဂိုးကိုမဆို သွင်းယူပေးခြင်းနှင့် ဖန်တီးပေးခဲ့ခြင်း မရှိသော်လည်း အဆိုပါ အသက် ၁၉ နှစ်အရွယ်ကစားသမားဟာ ဘာစီလိုနာအသင်းအတွက် ကြီးမားသောအကျိုးသက်ရောက်မှုရှိသူဖြစ်ပါတယ်။ ထို့ကြောင့် နည်းပြဖြစ်သူဇာဗီက ၎င်း၏ ကစားသမားဖြစ်သူ ဂါဗီကို ဘာစီလိုနာအသင်းမှာ အဓိကကျသောပုဂ္ဂိုလ်တစ်ဦး အနေဖြင့် ချီးကျူးခဲ့ပြီး ဂါဗီ၏အရေးပါမှုကို အလေးပေးပြောကြားခဲ့ပါတယ်။
"ဂါဗီက အသင်း ရဲ့ နှလုံးသား ပါ၊ သူက ဘာစီလိုနာအသင်းရဲ့ အခြေခံ ကစားသမား ပါ။ တော်တော်များများက သူ ဒီရာသီမှာ လျော့ကစားမယ်လို့ ပြောခဲ့ပေမယ့် သူက စံပြဘောလုံးသမားပါ"လို့ နည်းပြဖြစ်သူ ဇာဗီက ပြောကြားခဲ့ပါတယ်။
ဂါဗီဟာ ရီးရဲလ်ဘက်တစ်နှင့် ယှဉ်ပြိုင်ကစားခဲ့သော ပွဲစဉ်တစ်လျောက်လုံး ကွင်းလယ်မှာအကောင်းဆုံး ကစားနိုင်ခဲ့ပေမယ့် သူကစားတဲ့နေရာဟာ ပြီးခဲ့တဲ့ရာသီတုန်းက ပုံမှန်ကစားခွင့်ရတဲ့ နေရာမဟုတ်ပါဘူး။ ဂျာအိုဖီးလစ်က ဘာစီလိုနာအတွက် ဘယ်တောင်ပံတွင် ခြေစွမ်းပြနိုင်ဖို့ကြိုးစားနေတာကြောင့် ၎င်းအခြေအနေသည် ဂါဗီအတွက် သူနှစ်သက်သည့် နေရာမှာ ပုံမှန်ကစားဖို့ အခွင့်အရေးဖြစ်နိုင်ပါတယ်။