The network connection is lost.

Banner Image

ဒေါ့မွန်ရဲ့ခြောက်လှန့်မှုအပြီး ရီးရဲလ်မက်ဒရစ်အသင်းတိုးတက်လာရမယ့် အခန်းကဏ္ဍကို ရှင်းပြလိုက်တဲ့ အလွန်ဆို

ကလပ်ကမ္ဘာ့ဖလားဆီမီးဖိုင်နယ်အဆင့်ဆီ တက်ရောက်နိုင်ခဲ့ပေမယ့် ရီးရဲလ်မက်ဒရစ်အသင်းနည်းပြ ဇာဘီအလွန်ဆိုကတော့ လုံးဝမပျော်ရွှင်ခဲ့ပါဘူး။ စပိန်ဘီလူးကြီးက ဒေါ့မွန်ကို ၃-၂ ဂိုးဖြင့် အနိုင်ရရှိတဲ့ MetLife Stadium ကွင်းပွဲစဉ်အတွင်း နောက်ကျခြိမ်းခြောက်မှုတစ်ခုနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

တိုက်စစ်မှူးဂွန်ဇာလိုဂါစီယာနဲ့ နောက်ခံလူဖရန်ဂါစီယာတို့ရဲ့ ပွဲချိန်ပထမပိုင်းသွင်းဂိုးတွေကြောင့် အလွန်ဆိုရဲ့အသင်း အောင်ပွဲဆီရောက်ရှိဖို့ နီးစပ်ခဲ့ပါတယ်။ ဒါပေမဲ့ ဒုတိယပိုင်းပွဲချိန်အတွင်းမှာတော့ လူစားဝင်တိုက်စစ်မှူးအမ်ဘာပေရဲ့ ကလပ်ကမ္ဘာ့ဖလားပထမဆုံးသွင်းဂိုးအပြင် ဒေါ့မွန်ရဲ့သွင်းဂိုးနှစ်ဂိုးကိုပါ မြင်တွေ့ခဲ့ရပါတယ်။ အခုလိုအခြေအနေတွေက အလွန်ဆိုအတွက် ခြောက်လှန့်မှုတစ်ခုဖြစ်ခဲ့ပြီး ချန်ပီယံလိဂ်လက်ရှိချန်ပီယံ ပီအက်စ်ဂျီနဲ့ရင်ဆိုင်ရမယ့် ဆီမီးဖိုင်နယ်အဆင့်ဆီ တက်ရောက်နိုင်ရေးအတွက် သေရေးရှင်ရေးတမျှ အရေးကြီးနေတဲ့အခိုက်အတန့်တွေမှာ ဂိုးသမားကော်တိုရစ်ရဲ့ထူးရှယ်လက်စွမ်းပြမှုတစ်ကြိမ်ကိုလည်း စပိန်သားနည်းပြအတွက် လိုအပ်ခဲ့ပါတယ်။

အမ်ဘာပေရဲ့လူစားဝင်သွင်းဂိုးက ကစားသမားနဲ့ နည်းပြတို့အတွက် ယုံကြည်မှုခွန်အား တိုးတက်စေနိုင်ပေမယ့် ဂွန်ဇာလိုဂါစီယာရဲ့စွမ်းဆောင်ရည်ပိုင်းတည်ငြိမ်မှုကြောင့် အလွန်ဆိုရဲ့တိုက်စစ်ပိုင်းမှာ ပြင်သစ်သားကို မြင်တွေ့ရဖို့ မရှိသေးပါဘူး။ အလွန်ဆိုကိုယ်တိုင်လည်း သူ့ရဲ့ပွဲထွက်လူစာရင်းမှာ အမ်ဘာပေကိုထည့်သွင်းဖို့ တိုက်တွန်းမှုအပေါ် ငြင်းဆန်ပယ်ချခဲ့ပြီး တိုက်စစ်ပိုင်းအတွက် ဂွန်ဇာလိုဂါစီယာကိုသာ ဆက်နေရာပေးသွားဖို့ ဆုံးဖြတ်ထားပါတယ်။
လာမယ့်ရက်ပိုင်းအတွင်းမှာတော့ အလွန်ဆိုရဲ့အသင်းအတွက် အကြီးမားဆုံးစမ်းသပ်မှုတစ်ခုအဖြစ် နယူးဂျာစီမှာ ပီအက်စ်ဂျီနဲ့ ရင်ဆိုင်သွားရပါမယ်။ ဒီပွဲစဉ်မှာလည်း ဂွန်ဇာလိုဂါစီယာကို အဓိကတိုက်စစ်မှူးအဖြစ် ဆက်လက်မြင်တွေ့ရနိုင်ပါတယ်။

နီကိုကိုဗက်ရဲ့အသင်းကို အနိုင်ရရှိပြီးနောက် အလွန်ဆိုက အောင်ပွဲထက်ကျော်လွန်ပြီး ရှင်းလင်းပြတ်သားလှတဲ့ သတင်းစကားတစ်ခု ပေးပို့လိုက်ပါတယ်။ စပိန်သားနည်းပြက “ ပေးဂိုးတွေသာ မပါဝင်ဘူးဆိုရင် အရာအားလုံးက ထိန်းချုပ်မှုအောက်မှာ ရောက်ရှိနေခဲ့ပါတယ်။ ပွဲချိန်နှောင်းပိုင်း ၁၀ မိနစ်ကတော့ ရူးလောက်စရာပါ။ ကျွန်တော်တို့ရဲ့အသင်းလိုက်ပုံသဏ္ဍာန်နဲ့ ပြင်းထန်မှုတွေ အနည်းငယ်ဆုံးရှုံးသွားခဲ့ပါတယ်။

ခြုံပြီးပြောရရင် အရမ်းကောင်းတဲ့ မိနစ် ၈၀ ကာလနဲ့ တိုးတက်ဖို့လိုအပ်နေသေးတဲ့ နောက်ဆုံး ၁၀ မိနစ်တာ အခိုက်အတန့်ကို မြင်တွေ့ခဲ့ရပါတယ်။ ဂွန်ဇာလိုဂါစီယာကတော့ အသင်းအတွက် အကောင်းဆုံးလုပ်ဆောင်ပြနေပါတယ်။ သူက NO.9 တိုက်စစ်မှူးစစ်စစ်ပုံစံနဲ့ ပြိုင်ဘက်ဂိုးဧရိယာအတွင်း မှန်ကန်တဲ့အခြေအနေမျိုးမှာ ရောက်ရှိနေပါတယ်။ သူ အကောင်းဆုံးလုပ်ဆောင်ပြနေမှုအတွက် ကျေနပ်မိပါတယ်”လို့ ပြောပါတယ်။