
၂၀၂၆ ကမ္ဘာ့ဖလားချန်ပီယံဆုကို အသင်းရဲ့ရည်မှန်းချက်အဖြစ် သတ်မှတ်ထားတဲ့ ဂျာမနီနည်းပြနာဂယ်စ်မန်း
အခုနိုင်ငံတကာသီတင်းပတ်အတွင်း ဆလိုဗက်ကီးယားနဲ့ရင်ဆိုင်ကစားရမယ့် ပွဲစဉ်မတိုင်ခင် နာဂယ်စ်မန်းက လာမယ့်နှစ်၊ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဂျာမနီအသင်းနဲ့အတူ အောင်ပွဲရယူဖို့ ရည်မှန်းထားတယ်လို့ ပြောကြားခဲ့ပါတယ်။ ဂျာမနီက ကမ္ဘာ့ဖလားခြေစစ်ပွဲအုပ်စု(A)အဖွင့်ပွဲစဉ်အဖြစ် ဘရက်တစ်ဆလာဗာမှာ ဆလိုဗက်ကီးယားနဲ့ ယှဉ်ပြိုင်ကစားပြီးနောက် စက်တင်ဘာ ၇ ရက်၊ ကိုလုံးမှာ မြောက်အိုင်ယာလန်ကို ဧည့်ခံကစားရပါမယ်။
နာဂယ်စ်မန်းကတော့ လာမယ့်နှစ်အတွင်း အမေရိကန်၊ ကနေဒါ၊ မက္ကဆီကိုတို့ ပူးပေါင်းကျင်းပမယ့် ပြိုင်ပွဲကြီးအတွက် အရည်အချင်းပြည့်မီရေးကြိုးပမ်းမှုမှာ အနိုင်ရလဒ်နဲ့အတူစတင်နိုင်ဖို့ ဆန္ဒရှိနေတယ်လို့ ပြောကြားခဲ့ပါတယ်။ လာမယ့်နှစ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ ရည်မှန်းထားခြင်းကြောင့် မျှော်လင့်ချက်ကြီးမားလွန်းနေသလားဆိုတဲ့ မေးခွန်းကို နာဂယ်စ်မန်းက “ ရည်မှန်းချက်တွေ ချမှတ်ရတာ ကောင်းပါတယ်။ အသင်းတစ်ခုအတွက်ပဲဖြစ်ဖြစ်၊ လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်အတွက်ပဲဖြစ်ဖြစ် ရည်မှန်းချက်မရှိဘဲ ဘဝကိုဖြတ်သန်းရတာ ခက်ခဲလွန်းပါတယ်။ ဒါက တိုက်ပွဲဝင်ရကျိုးနပ်စေပါတယ်။
ကျွန်တော်တို့အားလုံး ကမ္ဘာ့ဖလားချန်ပီယံဖြစ်ချင်ကြတယ်ဆိုတာ ကောင်းတယ်လို့ ထင်ပါတယ်။ ဒါမျိုးရည်မှန်းချက်မရှိတဲ့၊ ကျွန်တော်တို့နဲ့အတူ တိုက်ပွဲမဝင်ချင်တဲ့ ကစားသမားတစ်ဦးတစ်လေတောင် မရှိဘူးဆိုတာ ကျွန်တော်ကတော့ ရာနှုန်းပြည့်ယုံကြည်ထားပါတယ်။
ဒါပေမဲ့ အရင်ဆုံး ဒီရည်မှန်းချက်ဆီ မရောက်ခင်အချိန်အထိ ပွဲစဉ်တိုင်းမှာ အာရုံစူးစိုက်မှုအပြည့်ရှိနေဖို့ လိုအပ်ပါတယ်။ကြီးမားတဲ့ရည်မှန်းချက်အပေါ် သံသယမရှိနေဖို့ပါပဲ။ ရည်မှန်းချက်ပန်းတိုင်ဆီရောက်ရှိဖို့ လုပ်ငန်းစဉ်တိုင်းက အရေးကြီးပါတယ်”လို့ တုံ့ပြန်ဖြေကြားခဲ့ပါတယ်။
နာဂယ်စ်မန်းလက်အောက် ဂျာမနီလက်ရွေးစင်အသင်းက ယူရို-၂၀၂၄ ပြိုင်ပွဲ၊ ကွာတားဖိုင်နယ်အဆင့်မှ ထွက်ခွာခဲ့ရသလို နောက်ဆုံးကစားခဲ့တဲ့နေးရှင်းလိဂ်ပွဲစဉ်နှစ်ခုမှာလည်း ပေါ်တူဂီ၊ ပြင်သစ်တို့ကို ရှုံးနိမ့်ခဲ့ပါတယ်။ နာဂယ်စ်မန်းက “ ဒါဟာ အသင်းလိုက်ဟန်ချက်(Rhythm)နဲ့ သက်ဆိုင်ပါတယ်။ နောက်ဆုံးရှုံးပွဲနှစ်ခုအပြီး ဒီလိုအခိုက်အတန့်မျိုးတွေနည်းပါးသွားအောင် အသင်းတစ်ခုအဖြစ် တည်တည်ငြိမ်ငြိမ်ရှိနေစေချင်တယ်။ အရေးအကြီးဆုံးအရာကတော့ ပွဲစဉ်တိုင်းကိုအနိုင်ရရှိဖို့နဲ့ ခြေစစ်ပွဲအောင်မြင်ဖို့ပါပဲ။ ဒီအတိုင်း လုပ်သွားနိုင်ဖို့လည်း မျှော်လင့်ထားပါတယ်”လို့ ဆက်ပြောပါတယ်။