အာဂျင်တီးနားရဲ့ ၂၀၂၆ ကမ္ဘာ့ဖလားခရီးစဉ်မှာပါဝင်ဖို့ ရှိ၊မရှိ မဆုံးဖြတ်ရသေးတဲ့ မက်ဆီ
အင်တာမီယာမီကြယ်ပွင့်မက်ဆီအနေဖြင့် အမေရိကန်၊ ကနေဒါ၊ မက္ကဆီကိုနိုင်ငံတွေမှာ ကျင်းပမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်း အာဂျင်တီးနားကို ကိုယ်စားပြုပေးဖို့ ရှိ၊မရှိ မဆုံးဖြတ်ရသေးဘူးလို့ သတင်းတွေအရ သိရပါတယ်။ မက်ဆီက လွန်ခဲ့တဲ့လေးနှစ်၊ ကာတာနိုင်ငံရဲ့ပြိုင်ပွဲကာလတလျှောက် သွင်းဂိုးခုနစ်ဂိုးအထိ သွင်းယူပြီး ကစားသမားဘဝ၊ သူလိုချင်နေတဲ့ဆုဖလားကြီးကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။
၂၀၂၂ ကမ္ဘာ့ဖလားချန်ပီယံဆုကိုင်မြှောက်နိုင်ပြီးနောက် အခုတော့ မက်ဆီက လာမယ့်နှစ်ပြိုင်ပွဲကြီးမတိုင်ခင် လက်ရွေးစင်ကစားသမားဘဝကို အနားပေးမလား (သို့မဟုတ်) အာဂျင်တီးနားရဲ့ ချန်ပီယံဆုကာကွယ်ရေးခရီးလမ်းမှာ ပူးပေါင်းပါဝင်သွားမလားဆိုတာ ဆုံးဖြတ်သွားရပါလိမ့်မယ်။ လတ်တလောမှာ မက်ဆီက အင်တာမီယာမီနဲ့အတူ ၂၀၂၈ ခုနှစ်အထိသက်တမ်းရှိမယ့် စာချုပ်သစ်တစ်ရပ်ကို လက်မှတ်ရေးထိုးထားပြီး ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ စကာလိုနီရဲ့အသင်းကို ကိုယ်စားပြုပေးမယ်ဆိုတဲ့ ထင်မြင်ယူဆချက်တွေ ထွက်ပေါ်လာခဲ့ပါတယ်။
ဒါပေမဲ့ The Athletic သတင်းဌာနရဲ့အဆိုအရ အသက်-၃၈ နှစ်အရွယ်ကစားသမားဟာ ပြိုင်ပွဲဝင်အသင်း ၄၈ ခုပါ ပြိုင်ပွဲကြီးမှာ ပါဝင်ယှဉ်ပြိုင်သွားဖို့ ရှိ၊မရှိ မဆုံးဖြတ်ရသေးဘူးလို့ သိရပါတယ်။ အာဂျင်တီးနားသမိုင်းတလျှောက် သွင်းဂိုးအများဆုံးနဲ့ ပွဲအရေအတွက်အများဆုံးကစားသမားက နောက်ဆုံးဆုံးဖြတ်ချက်မတိုင်ခင် ပြိုင်ပွဲကာလအနီးကပ်ဆုံးအချိန်အထိ စောင့်ဆိုင်းသွားဖို့ ဆန္ဒရှိနေပါတယ်။
The Athletic ရဲ့သတင်းမှာပဲ မက်ဆီအနေဖြင့် ကမ္ဘာ့ဖလားမတိုင်ခင် ခန္ဓာကိုယ်ကြံ့ခိုင်မှုနဲ့ ကျန်းမာရေးအခြေအနေအပါအဝင် အခြားဆက်စပ်အကြောင်းအရာများစွာကို ထည့်သွင်းစဉ်းစားလိမ့်မယ်လို့ ဖော်ပြခဲ့ပါတယ်။ ပြင်းထန်တဲ့ပြိုင်ပွဲတစ်ခုမှာ ပါဝင်ကစားလိုတဲ့ သူ့ရဲ့ဆန္ဒကိုလည်း ၂၀၂၆ ခုနှစ်ရဲ့ပထမနှစ်ဝက်ကာလအတွင်း ဘာစီလိုနာကြယ်ပွင့်ဟောင်းကိုယ်တိုင် အကဲဖြတ်သွားလိမ့်မယ်လို့ သိရပါတယ်။
အသက်-၃၈ နှစ်အရွယ်မက်ဆီက ကစားသမားဘဝနှောင်းပိုင်းကာလဆီ ရောက်ရှိနေပေမဲ့ သူ့ရဲ့ဆုံးဖြတ်ချက်ဟာ အာဂျင်တီးနားရဲ့ကမ္ဘာ့ဖလားမျှော်လင့်ချက်ကို သက်ရောက်မှုကြီးမားစေပါလိမ့်မယ်။ မက်ဆီက အခုရာသီ၊ အင်တာမီယာမီမှာ ၄၄ ပွဲကစား၊ ၃၉ ဂိုးသွင်း၊ ၁၉ ကြိမ်ဂိုးဖန်တီးပေးကာ သူ့ရဲ့ကလပ်အသင်းအတွက် စွမ်းဆောင်ရည်ကောင်းတွေ ထုတ်ပြထားပါတယ်။