The network connection is lost.

Banner Image

ပရိသတ်တွေက ပွဲထွက်ခွင့်ပေးဖို့တောင်းဆိုနေကြပေမယ့် အက်စ်တီဗာအိုအတွက် အကောင်းဆုံးဖြစ်စေမယ့် နည်းလမ်းကိုသာရွေးချယ်သွားမယ်လို့ မာရက်စ်ကာတုံ့ပြန်

ချဲလ်ဆီးပရိသတ်တွေဟာ ခြေစွမ်းပြသနေတဲ့ အသင်းရဲ့တောင်ပံကြယ်ပွင့်ကစားသမားလေး ဝီလီယံအက်စ်တီဗာအိုကို ပွဲထွက်လူစာရင်းမှာထည့်သွင်းအသုံးပြုဖို့ ပြင်းပြင်းထန်ထန်တောင်းဆိုနေကြပေမယ့် နည်းပြအန်ဇိုမာရက်စ်ကာတော့ ကစားသမားအတွက် အကောင်းဆုံးဖြစ်စေမယ့် နည်းလမ်းကိုသာ ရွေးချယ်ပြီး ဆက်လက်လုပ်ဆောင်သွားမယ်လို့ တုံ့ပြန်လာခဲ့ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလမှာကတည်းက တောက်လျှောက်ခြေစွမ်းပြသလာနိုင်ခဲ့တဲ့ အက်စ်တီဗာအိုဟာ ချဲလ်ဆီးအတွက်ကစားပေးခဲ့တဲ့ ပြိုင်ပွဲစုံ နောက်ဆုံး ၇ ပွဲမှာ ၄ ဂိုးအထိသွင်းယူပေးထားနိုင်တာကြောင့် ပရိသတ်အချစ်တော်ကစားသမားအဖြစ် အသိအမှတ်ပြုခံလာရပါတယ်။ ဘရာဇီးလူငယ်ဟာ ချဲလ်ဆီးအတွက် ချန်ပီယံလိဂ်နဲ့ ကာရာဘောင်ဖလားပြိုင်ပွဲတွေမှာ ခြေစွမ်းပြသနေပေမယ့် ပရီးမီးယားလိဂ်မှာတော့ ပုံမှန်ပွဲထွက်ခွင့်ရဖို့ ရုန်းကန်နေရဆဲဖြစ်ပါတယ်။

ယခုအခါမှာတော့ မာရက်စ်ကာက "ကျွန်တော်တို့က သူ အင်္ဂလန်မှာ ဖြည်းဖြည်းချင်းအသားကျစေဖို့ အကူအညီပေးနေပါတယ်။ သူ့အတွက်အကောင်းဆုံးဖြစ်စေမယ့် နည်းလမ်းအတိုင်းသွားနေတာပါ။ ပြီးခဲ့တဲ့အပတ်ကဆို သူက ဒီနိုင်ငံရာသီဥတု အရမ်းအေးလွန်းတဲ့အကြောင်း ပြောခဲ့ပါတယ်။ ပြီးခဲ့တဲ့အပတ်က အောက်တိုဘာလထဲမှာပဲရှိပါသေးတယ်။ လာမယ့် ဒီဇင်ဘာနဲ့ ဇန်နဝါရီလတွေမှာဆို သူ့အတွက်ပိုခက်ခဲနိုင်ပါတယ်"

"ဒါပေမယ့် ဒီလိုရာသီဥတုနဲ့ အသားကျဖို့လိုအပ်ပါတယ်။ အခု အသင်းမှာ သူပျော်နေပါတယ်။ အရမ်းတော်တဲ့ကစားသမားတစ်ယောက်ပါ။ အသင်းရဲ့ပါရမီရှင်ကစားသမားဆိုရင်လည်း မမှားပါဘူး" လို့ပြောကြားခဲ့ပါတယ်။  ဆက်လက်ပြီး အီတလီသားနည်းပြက "သူ ပရီးမီးယားလိဂ်မှာ ပွဲထွက်ခွင့်ရဖို့တော့ သေချာပေါက် အဆင်သင့်ဖြစ်နေပါပြီ။ ဒါပေမယ့် သူပွဲထွက်လာရင် အခြားကစားသမားတစ်ယောက်က အရန်ခုံထိုင်ရပါလိမ့်မယ်။ အဲဒီကစားသမားကလည်း အသင်းမှာပွဲထွက်ခွင့်လိုချင်နေသူပါပဲ" လို့ပြောကြားခဲ့ပါတယ်။ 

ချဲလ်ဆီးရဲ့တောင်ပံကြယ်ပွင့် ပက်ဒရိုနက်တိုဟာ ဝုဗ်နဲ့ပွဲစဉ်မှာ ပါဝင်ဖို့ မသေချာတဲ့အခြေအနေမှာရှိနေပေမယ့် ကစားသမားဟာ အက်စ်တီဗာအိုထက် နောက်တန်းကိုဆင်းကူတဲ့အပိုင်းမှာ ထူးချွန်ကြောင်း မာရက်စ်ကာက ပြောကြားခဲ့ပါတယ်။ အီတလီသားက "ကျွန်တော်တို့ လိုချင်တဲ့ပုံစံမျိုးကို နက်တိုဆီကရော၊ အက်စ်တီဗာအိုဆီကနေပါ တပြိုင်နက်တောင်းဆိုလို့မရပါဘူး။ သူတို့နှစ်ယောက်က မတူညီတဲ့ကစားသမားတွေပါ။ နက်တိုက နောက်တန်းကိုဆင်းကူနိုင်တဲ့ကစားသမားမျိုးဖြစ်ပြီး အက်စ်တီဗာအိုကတော့ ဒီလိုမလုပ်နိုင်ပါဘူး။ ဒါပေမယ့် သူ့ဟာနဲ့သူ အရည်အသွေးတွေကတော့ ကိုယ်စီရှိကြပါတယ်" လို့ပြောကြားခဲ့ပါတယ်။