
ဆာလီဘာကို ရီးရဲလ်မက်ဒရစ်က ပစ်မှတ်ထားလာနိုင်ကြောင်း အာဆင်နယ်ပရိသတ်တွေကို ကာရေဂါသတိပေး
လီဗာပူးနောက်တန်းကစားသမားဟောင်း ဂျေမီကာရေဂါက စပိန်ထိပ်သီးကလပ် ရီးရဲလ်မက်ဒရစ်ဟာ ဝီလီယမ်ဆာလီဘာကို ခေါ်ယူဖို့ ပစ်မှတ်ထားလာနိုင်ကြောင်း အာဆင်နယ်ပရိသတ်တွေကို သတိပေးစကားပြောကြားလာခဲ့ပါတယ်။ အာဆင်နယ်မှာ ဆုဖလားအောင်မြင်မှု ကြီးကြီးမားမားမဆွတ်ခူးနိုင်သေးတဲ့ ဆာလီဘာအနေနဲ့လည်း ရီးရဲလ်မက်ဒရစ်လိုအသင်းနဲ့ ချိတ်ဆက်ပြီး ကစားသမားဘဝ မှတ်တိုင်တွေကို စိုက်ထူနိုင်ကြောင်း ကာရေဂါက ပြောကြားခဲ့တာဖြစ်ပါတယ်။ နောက်ခံလူအနေနဲ့ ရီးရဲလ်မက်ဒရစ်လိုအသင်းမျိုးက ကမ်းလှမ်းလာခဲ့မယ်ဆိုရင် ၂ ခါတောင်စဉ်းစားနေမှာမဟုတ်ဘဲ ချက်ချင်းပဲ ပြောင်းရွှေ့ဖို့သတောတူနိုင်တယ်လို့လည်း ကာရေဂါကဆိုပါတယ်။
လက်ရှိဘောလုံးလောကရဲ့ အကောင်းဆုံးဗဟိုခံစစ်မှူးစာရင်းထဲမှာ ပါဝင်နေတယ်လို့ ယူဆခံထားရတဲ့ ဆာလီဘာဟာ ၂၀၂၂-၂၃ ပွဲဦးထွက်ရာသီကတည်းက အခုချိန်အထိ အာဆင်နယ်ရဲ့ နောက်တန်းမှာ နေရာအခိုင်အမာရရှိထားသူဖြစ်ပါတယ်။ သို့သော်လည်း ပြင်သစ်လက်ရွေးစင်ဟာ မီခေးလ်အာတီတာရဲ့ဦးဆောင်မှုနဲ့အတူ ဆုဖလားအောင်မြင်မှုအဖြစ် ကွန်မြူနတီဒိုင်း ၂ ကြိမ်သာ ဆွတ်ခူးထားနိုင်သေးတာဖြစ်ပါတယ်။
မကြာသေးမီက ရီးရဲလ်မက်ဒရစ်ဟာ အသက်-၂၃ နှစ်အရွယ်ကစားသမားကို ခေါ်ယူဖို့ ချိတ်ဆက်မှုတွေပြုလုပ်ခဲ့ကြောင်း သတင်းတွေထွက်ပေါ်ထားခဲ့ပြီး ကမ္ဘာ့ဘောလုံးသမိုင်းတစ်လျှောက် တန်ကြေးအမြင့်ဆုံး နောက်ခံလူတစ်ယောက်အဖြစ် အာဆင်နယ်ထံ ကမ်းလှမ်းမှုပြုလုပ်လိုနေတယ်လို့လည်း သိရပါတယ်။
ယခုအခါမှာ ကာရေဂါက "ကျွန်တော်အာဆင်နယ်ကို ဒုက္ခရောက်စေလိုလို့တော့မဟုတ်ပါဘူး။ ဒါပေမယ့် အသင်းကြီးတွေစောင့်ကြည့်နေကြတဲ့ ကစားသမားတစ်ယောက် အာဆင်နယ်မှာရှိပါတယ်။ အဲဒါကတော့ ဆာလီဘာပါ။ ကျွန်တော် လီဗာပူးမှာကစားတုန်းကလည်း ဒီလိုအဖြစ်မျိုးကြုံတွေ့ခဲ့ဖူးပါတယ်။ အရမ်းကောင်းတဲ့ကစားသမားတစ်ယောက်အနေနဲ့ သူ့ရဲ့လက်ရှိကလပ်မှာ ပြည်တွင်းအမှတ်ပေးဖလားရော၊ ချန်ပီယံလိဂ်ဖလားပါ မဆွတ်ခူးနိုင်ဘူးဆိုရင် ပိုကြီးတဲ့ကလပ်တွေက ဒီကစားသမားကိုခေါ်ယူဖို့ စဉ်းစားနေကြမှာပါ"
"လီဗာပူးမှာဆိုရင်လည်း ဇာဘီအလွန်ဆို၊ မာရှေယာနိုနဲ့ ဖာနန်ဒိုတောရက်စ်တို့က အောင်မြင်မှုတွေအတွက် အသင်းသစ်တွေကို ပြောင်းရွှေ့ခဲ့ကြပါတယ်။ ဒါကြောင့် ဆာလီဘာအနေနဲ့လည်း ဒီလိုမျိုးဖြစ်လာနိုင်ပြီး ကျွန်တော်ကတော့ သူ့ကို ရီးရဲလ်မက်ဒရစ်ကစားသမားဖြစ်လာမယ်လို့ထင်ပါတယ်။ ကျွန်တော်သူ့ကို ရီးရဲလ်မက်ဒရစ်ဂျာစီနဲ့မြင်ယောင်မိနေပါတယ်" လို့ပြောကြားခဲ့ပါတယ်။
လာမယ့်အပတ် ဗုဒ္ဓဟူးနေ့မှာ အာဆင်နယ်ဟာ ချန်ပီယံလိဂ်ရှုံးထွက် ၁၆ သင်းအဆင့် ပထမအကျော့ပွဲစဉ်အဖြစ် ပီအက်စ်ဗွီနဲ့ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး လူမစုံတဲ့ အာတီတာရဲ့အသင်းဟာ နိုင်ပွဲရဖို့ ရုန်းကန်သွားရနိုင်ပါတယ်။ အဆိုပါပွဲစဉ်အပြီး မတ်လ ၉ ရက်နေ့မှာတော့ အာဆင်နယ်ဟာ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် မန်ချက်စတာယူနိုက်တက်ကို အိုးလ်ထရက်ဖို့ဒ်မှာ သွားရောက်ရင်ဆိုင်ရပါမယ်။