
ကစားသမားသစ်တွေခေါ်ယူဖို့ လပေါင်းများစွာပြင်ဆင်ထားခဲ့ကြောင်း ယူနိုက်တက်စီအီးအိုပြော
မန်ချက်စတာယူနိုက်တက်စီအီးအို အိုမာဘာရာဒါက အသင်းဟာ လာမယ့်နွေရာသီအပြောင်းအရွှေ့ကာလမှာ ကစားသမားသစ်တွေခေါ်ယူနိုင်ဖို့ လပေါင်းများစွာပြင်ဆင်မှုတွေပြုလုပ်ခဲ့ကြောင်း အသိပေးပြောကြားလာခဲ့ပြီး ဘာတွေလုပ်ရမယ်ဆိုတာ ကောင်းကောင်းသိနေတယ်လို့ဆိုပါတယ်။
မကြာသေးမီကပြီးဆုံးခဲ့တဲ့ ၂၀၂၄-၂၅ ဘောလုံးရာသီမှာ ယူနိုက်တက်ဟာ ဆုဖလားဆွတ်ခူးနိုင်ခဲ့ခြင်းမရှိသလို၊ အမှတ်ပေးဇယားရဲ့ အဆင့် ၁၅ နေရာမှာသာ ရပ်တည်နိုင်ခဲ့တာကြောင့် လာမယ့်နွေရာသီမှာတော့ ကစားသမားအများအပြားခေါ်ယူပြီး အသင်းကို အင်အားဖြည့်တင်းဖို့ကြိုးစားသွားရမှာဖြစ်ပါတယ်။လောလောဆယ်မှာတော့ ယူနိုက်တက်ဟာ ဝုဗ်တောင်ပံကစားသမား မားသီးယက်စ်ကွန်ဟာကို ပေါင် ၆၂.၅ သန်းနဲ့ခေါ်ယူဖို့ သဘောတူညီမှုရရှိထားပြီး အစ်ဆွစ်ချ်တိုက်စစ်မှူး လီယမ်ဒီလပ်အပါအဝင် အခြားထိပ်တန်းကစားသမားတွေကိုလည်း စောင့်ကြည့်နေပြီဖြစ်ပါတယ်။
ယူနိုက်တက်နည်းပြ ရူဘင်အာမိုရင်ကတော့ အသင်းဟာ ချန်ပီယံလိဂ်ဝင်ခွင့်နဲ့လွဲချော်ထားတာကြောင့် ကစားသမားသစ်တွေ အများအပြားခေါ်ယူသွားမှာမဟုတ်ကြောင်း ပြောကြားထားပေမယ့် ယခုအခါမှာ ဘာရာဒါက အသင်းအနေနဲ့ လိုအပ်တာတွေကိုတော့ အပြည့်အဝလုပ်ဆောင်သွားဖို့ရှိကြောင်း အခိုင်အမာပြောကြားလာခဲ့တာဖြစ်ပါတယ်။
ဘာရာဒါက "ကျွန်တော့်အနေနဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ မပြောပြနိုင်ပါဘူး။ ဒါပေမယ့် နွေရာသီအတွက် ကျွန်တော်တို့ လပေါင်းများစွာအစီအစဉ်ဆွဲထားခဲ့တယ်ဆိုတာတော့ ပြောနိုင်ပါတယ်။ ကျွန်တော်တို့ဟာ မတူညီတဲ့အနာဂတ်တွေနဲ့ ရင်ဆိုင်ဖို့ အဆင်သင့်ဖြစ်နေပြီး ဘာလုပ်ရမယ်ဆိုတာ ကောင်ကောင်းသိနေပါပြီ။ အသင်းတိုးတက်ဖို့ ဘယ်နေရာတွေမှာ ရင်းနှီးမြှုပ်နှံရမလဲ ကျွန်တော်တို့ အဖြေရှာထားနိုင်ပါတယ်"
"ဒီတော့ ဂျေဆန်(ယူနိုက်တက်အားကစားဒါရိုက်တာ)၊ သူ့ရဲ့အဖွဲ့၊ အာမိုရင်တို့နဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ထားခဲ့ပါတယ်။ အခုချိန်ကတော့ ကျွန်တော်တို့ရဲ့အစီအစဉ်အတိုင်း ဆက်လုပ်သွားရတော့မှာပါ။ ကျွန်တော်တို့ ရည်ရွယ်ချက်ကြီးကြီးနဲ့ အလုပ်လုပ်သွားပါမယ်" လို့ပြောကြားခဲ့ပါတယ်။
လောလောဆယ်မှာတော့ ယူနိုက်တက်ဟာ ရာသီကြိုခရီးစဉ်အဖြစ် အာရှအသင်းတွေနဲ့ ခြေစမ်းပွဲစဉ်တွေကစားနေပြီး ဗုဒ္ဓဟူးနေ့က အာဆီယံအောစတားအသင်းကို ၁-၀ နဲ့ရှုံးနိမ့်ခဲ့ကာ အဆိုပါပွဲစဉ်ရဲ့ တစ်လုံးတည်းသောသွင်းဂိုးကို မြန်မာ့လက်ရွေးစင် မောင်မောင်လွင်က သွင်းယူခဲ့ပါတယ်။