
ကစားသမားသစ်တွေ ထပ်မံခေါ်ယူဖို့ အချိန်ပြည့်အလုပ်လုပ်နေကြောင်း ယူနိုက်တက်စီအီးအို အသိပေး
မန်ချက်စတာယူနိုက်တက်ရဲ့ စီအီးအို အိုမာဘရာဒါက ယခုနွေရာသီအတွင်း နောက်ထပ်ကစားသမားသစ်တွေ ခေါ်ယူနိုင်ဖို့အတွက် အချိန်ပြည့်အလုပ်လုပ်နေကြောင်း အသိပေးပြောကြားလာခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၄-၂၅ ဘောလုံးရာသီမှာ ယူနိုက်တက်ဟာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားရဲ့ အဆင့် ၁၅ နေရာမှာသာ ရပ်တည်နိုင်ခဲ့ပြီး တိုက်စစ်ပိုင်းကလည်း ဂိုးရဖို့ရုန်းကန်ခဲ့ရတာကြောင့် ယခုနွေရာသီမှာ တိုက်စစ်ကို အဓိကအင်အားဖြည့်တင်းနေပြီး ယခုအခါမှာ လိုက်ပ်ဇစ်တိုက်စစ်မှူး ဘင်ဂျမင်ဆက်ဆခိုကိုခေါ်ယူနိုင်ဖို့ ကြိုးစားနေတာဖြစ်ပါတယ်။
လက်ရှိအပြောင်းအရွှေ့ဈေးကွက်အတွင်းမှာ ယူနိုက်တက်ဟာ မားသီးယက်စ်ကွန်ညာ၊ ဘရိုင်ယန်အမ်ဘွေမိုနဲ့ ဒီယေဂိုလီယွန်တို့ကို ခေါ်ယူနိုင်ခဲ့ပြီး ပေါင်သန်း ၁၄၀ နီးပါး အသုံးပြုထားပါတယ်။ သို့သော်လည်း နောက်ထပ်ကစားသမားသစ်တွေ ထပ်မံခေါ်ယူဖို့ကြိုးစားနေတာကြောင့် လာမယ့် ၂၀၂၅-၂၆ ဘောလုံးရာသီမှာတော့ နည်းပြရူဘင်အာမိုရင်အနေနဲ့ အတောင့်တင်းဆုံးလူစာရင်းနဲ့ ပရီးမီးယားလိဂ်မှာ ယှဉ်ပြိုင်သွားနိုင်ဖို့ရှိနေပါတယ်။
ယခုအခါမှာ ကလပ်စီအီးအို ဘရာဒါက "ကျွန်တော်တို့ အလုပ်တွေအများကြီးလုပ်နေပါတယ်။ အားကစားဒါရိုက်တာ ဂျေဆန်ဝယ်လ်ကော့ဇ်ဦးဆောင်နေတဲ့ အင်အားဖြည့်တင်းရေးကဏ္ဍက ၂၄ နာရီပတ်လုံးအလုပ်လုပ်နေတာကြောင့် အသင်းကိုတိုးတက်စေမယ့်အခွင့်အရေးတွေ တွေ့ရှိထားပါတယ်"
"ညဘက်တွေမှာ ဖုန်းတွေပြောရသလို၊ မနက်ခင်းတွေမှာလည်း ကျွန်တော်တို့ အစည်းအဝေးတွေ ဆက်တိုက်ပြုလုပ်နေပါတယ်။ တတ်နိုင်သလောက် အသင်းအတွက် ဆုဖလားတွေအမြန်ဆုံးဆွတ်ခူးနိုင်ဖို့ ကြိုးစားရမှာပါ။ ကစားသမားသစ်တွေရောက်ရှိလာတာက အသင်းအတွက်အကူအညီဖြစ်စေပါတယ်။ ဘရိုင်ယန်အမ်ဘွေမို၊ မားသီးယက်စ်ကွန်ညာနဲ့ ဒီယေဂိုလီယွန်တို့ကလည်း အသင်းမှာ အသားကျနေပါပြီ"
"ပြီးခဲ့တဲ့အဲဗာတန်နဲ့ပွဲမှာ အမ်ဘွေမိုကစားတဲ့ပုံစံကိုကြည့်ရင် အသင်းနဲ့ဘယ်လောက်အထိ လိုက်လျောညီထွေဖြစ်နေလဲ မြင်ရမှာပါ။ ကွန်ညာကတော့ သူ့ရဲ့အရည်အသွေးကိုပြပြီးသားပါ။ ပါရာဂွေးကနေအခုမှပြောင်းလာတဲ့ ဒီယေဂိုလီယွန်ကလည်း အတော်လေးအသားကျနေပါပြီ။ လာမယ့်ရာသီမှာ ကျွန်တော်တို့ အကောင်းဆုံးပုံစံကိုပြန်ပြနိုင်မယ်လို့ မျှော်လင့်ပါတယ်" လို့ပြောကြားခဲ့ပါတယ်။
အမေရိကန်မြေရာသီကြိုနောက်ဆုံးပွဲစဉ်မှာ အဲဗာတန်ကို ၂-၂ နဲ့သရေကျခဲ့ပြီးနောက် ယူနိုက်တက်ဟာ နောက်ထပ်ခြေစမ်းပွဲစဉ်အဖြစ် ဖီအိုရင်တီးနားကို အိမ်ကွင်းမှာ ဧည့်ခံကစားသွားရမှာဖြစ်ပြီး အဆိုပါပွဲစဉ်အပြီးမှာတော့ ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်အဖြစ် အာဆင်နယ်နဲ့ စတင်ယှဉ်ပြိုင်သွားရပါမယ်။