
သာမန်ထက်ထူးကဲပြီး စွဲဆောင်မှုရှိသော ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲလို့ ကာကွယ်ပြောဆိုလိုက်တဲ့ အာစင်ဝင်းဂါး
ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲနဲ့ပတ်သက်လို့ သမိုင်းတလျှောက်အဆိုးဝါးဆုံးတီထွင်ဖန်တီးမှုဆိုတဲ့ ယာဂန်ကလော့ပ်ရဲ့ဝေဖန်သံအပေါ် အာစင်ဝင်းဂါးက အသင်းတိုင်းဟာ သာမန်ထက်ထူးကဲပြီး စွဲဆောင်မှုရှိတဲ့ ပြိုင်ပွဲကို မျက်နှာသာပေးလေ့ရှိတယ်လို့ ပြောကြားရင်း တုံ့ပြန်သွားခဲ့ပါတယ်။
ဇွန်လအတွင်း လီဗာပူးနည်းပြဟောင်းကလော့ပ်က ပြိုင်ပွဲဝင်ကလပ်အသင်း ၃၂ ခုထည့်သွင်းကာ နွေရာသီကာလဆီ ပြောင်းရွှေ့ကျင်းပတဲ့ ပြိုင်ပွဲကြီးကို ဝေဖန်သွားခဲ့ပါတယ်။ ဒါပေမဲ့ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)ရဲ့ကမ္ဘာလုံးဆိုင်ရာဘောလုံးဖွံ့ဖြိုးတိုးတက်ရေးအကြီးအကဲတာဝန် ယူထားတဲ့ အာဆင်နယ်နည်းပြဟောင်းအာစင်ဝင်းဂါးကတော့ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲဟာ ပြိုင်ပွဲဝင်ကလပ်အသင်းတွေရဲ့ထောက်ခံအားပေးမှု အပြည့်အဝရရှိထားတယ်လို့ ဆိုလာပါတယ်။
ယာဂန်ကလော့ပ်ရဲ့မှတ်ချက်နဲ့ပတ်သက်လို့ မေးမြန်းရာမှာ အာစင်ဝင်းဂါးက “ အရမ်းစိတ်ဝင်စားစရာကောင်းတဲ့ မေးခွန်းတစ်ခုအတွက် အရမ်းပျင်းစရာကောင်းတဲ့အဖြေတစ်ခုကို ကျွန်တော် ပေးသွားရပါလိမ့်မယ်။ လူတိုင်းမှာ ထင်မြင်ချက်ပေးပိုင်ခွင့်ရှိပြီး ယာဂန်ကလော့ပ်ရဲ့အမြင်ကိုတော့ ကျွန်တော် မထောက်ခံပါဘူး။ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲတစ်ခု လိုအပ်တယ်လို့ ယူဆမိပါတယ်။ ဒီမှာရှိနေခဲ့တဲ့ကလပ်အသင်းအားလုံးကို မေးကြည့်လိုက်မယ်ဆိုရင်လည်း အားလုံးက အခုလိုပြိုင်ပွဲမျိုး ထပ်မံယှဉ်ပြိုင်ချင်တယ်လို့ပဲ ဖြေကြပါလိမ့်မယ်။ ဒါက ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲနဲ့ပတ်သက်လို့ ကလပ်အသင်းတွေထင်မြင်ယူဆထားတဲ့အရာအတွက် အကောင်းဆုံးအဖြေပါပဲ။
နောက်ထပ်မေးခွန်းထုတ်စရာတစ်ခုက ဒီပြိုင်ပွဲကို ပရိသတ်တွေ ကြိုက်နှစ်သက်လားဆိုတာပါပဲ။ ကွင်းတွင်းပရိသတ်နည်းပါးနေပေမယ့် တကယ်တမ်းစောင့်ကြည့်အားပေးသူအရေအတွက် မြင့်မားနေလိမ့်မယ်လို့ ယုံကြည်မိပါတယ်။ အဖြေကတော့ ဒါပါပဲ”လို့ ပြောပါတယ်။
ဖီဖာကိုယ်တိုင်လည်း မြောက်အမေရိကဒေသမှာကျင်းပမယ့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်ခင် ဘောလုံးကွင်းအခြေအနေတိုးတက်လာဖို့နဲ့ ဒေသအပူချိန်အပေါ် ကိုင်တွယ်ဖြေရှင်းဖို့အတွက် သင်ခန်းစာရယူပြီး အစီအမံတွေ ချမှတ်နေပါတယ်။ လာမယ့်နှစ်ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ပွဲစဉ်အများစုကို အမေရိကန်နိုင်ငံမှာ ကျင်းပသွားဖို့ စီစဉ်ထားပါတယ်။
အာစင်ဝင်းဂါးက “ အချို့ပွဲစဉ်တွေမှာ နေ့အပူချိန်ဟာ ပြဿနာဖြစ်ပေမယ့် ရေသောက်ချိန်ပေးတာတွေ၊ ပွဲကစားချိန်အပြီး ကွင်းမျက်နှာပြင်ရေဖြန်းပေးတာတွေနဲ့ ဖြေရှင်းဖို့ ကျွန်တော်တို့ ကြိုးစားခဲ့ပါတယ်။ ယေဘုယျအားဖြင့် သင်ခန်းစာတွေအများကြီးရရှိခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ ကွင်းနှစ်ခုမှာတော့ ပြဿနာကိုယ်စီရှိခဲ့ပါတယ်။ တစ်ခုကတော့ အော်လန်ဒိုမြို့မှာရှိတဲ့ဘောလုံးကွင်းပါ။ ဒါပေမယ့် မြက်ခင်းအစစ်အသုံးပြုထားတဲ့ဘောလုံးကွင်းတွေရဲ့အရည်အသွေးကိုလည်း လျှော့မတွက်သင့်ပါဘူး။
ဒီနိုင်ငံမှာတော့ မြက်ခင်းပြင်တွေ မတူညီကြပါဘူး။ တခြားနိုင်ငံမှာရှိတဲ့မြက်ခင်းပြင်တွေထက် နည်းနည်းပိုကြမ်းနေတာမျိုး (သို့မဟုတ်) ပိုပြီးမာနေတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ဘောလုံးကွင်းတွေက ညီညာပြန့်ပြူးကြပါတယ်။ ဒါပေမဲ့ မြက်ခင်းပြင်တွေအပေါ် ရေလောင်းပေးလိုက်တော့ အားလုံးလည်း ကျေနပ်ပျော်ရွှင်ခဲ့ကြပါတယ်။
သေချာတာကတော့ လာမယ့်နှစ်ပြိုင်ပွဲကြီးမှာ အားကစားကွင်းတွေအတွင်း အမိုးအကာတွေ ပိုမိုများပြားလာမယ်ဆိုတာနဲ့ ရုပ်သံထုတ်လွှင့်ချိန်တွေလည်း ပိုပြီး တိကျလာလိမ့်မယ်ဆိုတာပါပဲ။ တချိန်တည်းမှာပဲ လူတိုင်းအတွက် ရာသီဥတုအခြေအနေက ပြဿနာတစ်ခုအဖြစ် ရှိနေနိုင်ပါတယ်။
အပူချိန်ရဲ့သက်ရောက်မှုအကြောင်း မိုးလေဝသပညာရှင်တွေဆီ မေးမြန်းခဲ့ဖူးပါတယ်။ ၃၅ ဒီဂရီဆဲလ်စီးယက်စ်ထက် မြင့်မားတဲ့အပူချိန်မျိုးဆိုရင် အရှိန်မြှင့်ပြေးလွှားရခြင်းကိစ္စတွေမှာ အကျိုးသက်ရောက်မှုတစ်ခုရှိတယ်လို့ သိခဲ့ရပါတယ်။ ဒါကိုလည်း ကိုင်တွယ်ဖြေရှင်းသွားဖို့ လိုအပ်ပါတယ်”လို့ ဆက်ပြောပါတယ်။
ချဲလ်ဆီးနဲ့ ပီအက်စ်ဂျီတို့ ထိပ်တိုက်ရင်ဆိုင်ရမယ့် အခုကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ဗိုလ်လုပွဲကို လာမယ့်တနင်္ဂနွေနေ့၊ နယူးဂျာစီရှိ MetLife Stadium မှာ ကျင်းပသွားပါလိမ့်မယ်။