ယူနိုက်တက်ကိုရှုံးနိမ့်ပြီးနောက် မန်စီးတီးကစားသမားတွေက ၁၅ နှစ်သားတွေလိုကစားခဲ့ကြတယ်လို့ ဝန်ခံလာတဲ့ ဘာနာဒိုဆေးလ်ဗား
အီတီဟတ်မှာကစားခဲ့တဲ့ မန်ချက်စတာဒါဘီမှာ မြို့ခံပြိုင်ဘက် ယူနိုက်တက်ကို ရှုံးနိမ့်ခဲ့ပြီးနောက် မန်စီးတီးကွင်းလယ်လူ ဘာနာဒိုဆေးလ်ဗားက အသင်းရဲ့ကစားသမားတွေဟာ ၁၅ နှစ်သားတွေလို ကစားခဲ့ကြောင်းနဲ့ ရှုံးပွဲနဲ့ထိုက်တန်ခဲ့ကြောင်း ဝန်ခံပြောကြားလာခဲ့ပါတယ်။
ယခုပွဲစဉ်မှာ မန်စီးတီးဟာ ပထမပိုင်းအတွင်း နောက်ခံလူ ဂျီဗာဒီအောရဲ့ခေါင်းတိုက်သွင်းဂိုးနဲ့ ဦးဆောင်နိုင်ခဲ့သလို၊ ဒုတိယပိုင်းမှာလည်း ပွဲပြီးကာနီး ၈၈ မိနစ်အထိ အနိုင်ရလဒ်ကို ဆက်လက်ထိန်းသိမ်းနိုင်ခဲ့ပေမယ့် ပွဲပြီးဖို့ ၂ မိနစ်အလိုမှာ ၂ ဂိုးအထိပြန်လည်ခွင့်ပြုခဲ့ရကာ ရှုံးပွဲကြုံတွေ့ခဲ့တာဖြစ်ပါတယ်။ ယူနိုက်တက်အတွက်ဂိုးတွေကိုတော့ ဘရူနိုဖာနန်ဒက်စ်နဲ့ အာမက်ဒီယာလိုတို့က ဆက်တိုက်သွင်းယူပေးခဲ့ကြတာဖြစ်ပြီး ၂၀၂၁ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် အီတီဟတ်မှာ နိုင်ပွဲပြန်လည်ရရှိခဲ့တာဖြစ်ပါတယ်။
ပွဲအပြီးမှာတော့ ဘာနာဒိုဆေးလ်ဗားက ရှုံးပွဲအတွက် ကိုယ့်အသင်းကိုယ်သာ အပြစ်တင်လာခဲ့ပြီး မန်စီးတီးက ယူ-၁၅ အသင်းလိုကစားခဲ့တယ်လို့ဆိုပါတယ်။ ပေါ်တူဂီလက်ရွေးစင်က “ဒါဘီပွဲစဉ်တစ်ခုအတွင်း ပွဲကစားချိန် ၈၇ မိနစ်၊ ၁-၀ နဲ့ဦးဆောင်ထားနိုင်တဲ့အချိန်မှာတော့ အနိုင်ရလဒ်ကိုထိန်းသိမ်းဖို့ တတ်နိုင်သလောက်ကြိုးစားသင့်ပါတယ်။ ဒီလိုအခြေအနေမှာ မိုက်ရူးရဲဆန်တဲ့ ဆုံးဖြတ်ချက်တွေချမိရင်တော့ အရှုံးနဲ့ထိုက်တန်သွားမှာပါပဲ။ ကျွန်တော်တို့ ကိုယ့်ကိုယ်ကိုယ်ပြန်ကြည့်ဖို့လိုအပ်နေပါပြီ။ကောင်းကောင်းကစားနိုင်ရက်နဲ့ ကံမကောင်းလို့ရှုံးသွားတာတွေဘာတွေ ဆင်ခြေပေးနေလို့မရပါဘူး။ ကံမကောင်းဘူးဆိုတာ ကျွန်တော်တို့ရဲ့ဆုံးဖြတ်ချက်တွေကြောင့်ပါပဲ။ ဒီနေ့ပွဲရဲ့နောက်ဆုံးမိနစ်တွေမှာ ကျွန်တော်တို့ ယူ-၁၅ အသင်းတစ်သင်းလိုကစားခဲ့ကြပြီး ဒီလိုကလေးဆန်တဲ့ကစားပုံအတွက် ပြန်ပေးဆပ်လိုက်ရပါတယ်” လို့ပြောကြားခဲ့ပါတယ်။
ယခုပွဲရလဒ်ကြောင့် မန်စီးတီးဟာ ပြိုင်ပွဲစုံနောက်ဆုံး ၁၁ ပွဲမှာ နိုင်ပွဲ ၁ ပွဲသာရှိခဲ့ပြီး ရှုံးပွဲ ၈ ပွဲအထိကြုံတွေ့ထားခဲ့ရတာဖြစ်ပါတယ်။ ဒါ့အပြင် ပရီးမီးယားလိဂ် ၄ ကြိမ်ဆက်ချန်ပီယံတွေဟာ အမှတ်ပေးဇယားထိပ်ဆုံးက တစ်ပွဲလျော့နေတဲ့ လီဗာပူးနဲ့ ရမှတ် ၉ မှတ်အထိကွာဟသွားပြီဖြစ်လို့ ဒီရာသီမှာ ချန်ပီယံဖြစ်နိုင်ချေ အတော်လေးလျော့နည်းသွားပြီဖြစ်ပါတယ်။
လက်ရှိရုန်းကန်နေရတဲ့အခြေအနေကိုကျော်ဖြတ်နိုင်ဖို့ ဂွါဒီယိုလာအနေနဲ့ တတ်နိုင်သလောက်အသင်းကိုပြင်ဆင်သွားရတော့မှာဖြစ်ပြီး လာမယ့်စနေနေ့ ဗီလာပါ့ခ်မှာယှဉ်ပြိုင်သွားရမယ့် အက်စတွန်ဗီလာနဲ့ပွဲစဉ်မှာတော့ အပြုသဘောဆောင်တဲ့ရလဒ်မျိုး ဖန်တီးနိုင်ဖို့ ကြိုးစားသွားရပါမယ်။