
အက်တလက်စ်ကိုအနိုင်ယူပြီးနောက် မီယာမီဟာ ဒီပေါလ်လိုကစားသမားမျိုး လိုအပ်နေခဲ့တာဖြစ်တယ်လို့ဆိုလိုက်တဲ့ မာရှေယာနို
လိဂ်ဖလားအဖွင့်ပွဲမှာ အက်တလက်စ်ကို ၂-၁ နဲ့အနိုင်ရပြီးနောက် အင်တာမီယာမီနည်းပြ ဂျာဗီယာမာရှေယာနိုက စတင်ပွဲထွက်ကစားခဲ့တဲ့ ကွင်းလယ်လူသစ် ရိုဒရီဂိုဒီပေါလ်ကိုချီးကျူးလာခဲ့ပြီး အသင်းမှာလိုအပ်နေတာ ဒီပေါလ်လိုကစားသမားမျိုးဖြစ်တယ်လို့ ပြောကြားလာခဲ့ပါတယ်။
ယခုပွဲစဉ်မှာ အင်တာမီယာမီအနေနဲ့ နောက်ဆုံးမိနစ်မှသာ အနိုင်ဂိုးကိုရရှိခဲ့တာဖြစ်ပြီး လီယွန်နယ်မက်ဆီရဲ့ဖန်တီးပေးပို့မှုမှတစ်ဆင့် ဝီဂန့်က သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ ပွဲအပြီးမှာ မာရှေယာနိုက "အံ့ဩစရာကောင်းစွာပဲ ဒီပေါလ်အနေနဲ့ ၁ လလောက်မကစားခဲ့ရတာတောင် ဒီပွဲမှာ အရမ်းကောင်းတဲ့ခြေစွမ်းပြသခဲ့ပါတယ်။ ကျွန်တော်တို့လိုအပ်နေတာ သူ့လိုကစားသမားမျိုးပါ။ ခြေစွမ်းကောင်းရုံသာမက အသင်းကိုလည်း အကောင်းဆုံးဦးဆောင်နိုင်တဲ့သူပါ" လို့ချီးကျူးပြောဆိုခဲ့ပါတယ်။
ဆက်လက်ပြီး အာဂျင်တီးနားသားနည်းပြက "ဒီပွဲမှာ ပြိုင်ဘက်ကိုအနိုင်ရဖို့ ကျွန်တော်တို့လုပ်နိုင်တာမှန်သမျှလုပ်ခဲ့ပါတယ်။ အနိုင်ရလဒ်ရဖို့ ခက်ခဲတဲ့ဒီလိုပွဲစဉ်မှာ ကျွန်တော်တို့ရဲ့ မာကျောရဲ့ကစားဟန်ကို ပြသနိုင်ခဲ့ပါတယ်" လို့ပြောကြားခဲ့ပါတယ်။ အင်တာမီယာမီကစားသမားတွေရဲ့ အောင်ပွဲခံမှု ကို အက်တလက်စ်နည်းပြ ဂွန်ဇာလိုပင်ဒါ ဝေဖန်ခဲ့တာနဲ့ပတ်သက်ပြီး မာရှေယာနိုက "ကျွန်တော်တို့ အောင်ပွဲခံခဲ့တာ အလွန်အကျူးမဖြစ်ခဲ့ပါဘူး။ အနိုင်ရဖို့ကစားခဲ့တဲ့ဒီလိုပွဲမှာ အောင်ပွဲခံတာတွေတော့ ရှိမှာပါပဲ" လို့ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။
မက်ဆီရဲ့ဦးဆောင်မှုနဲ့အတူ ယခုအခါမှာတော့ အင်တာမီယာမီဟာ အဖွင့်ပွဲမှာပဲ အနိုင် ၃ မှတ်ကို စတင်သိမ်းပိုက်ခဲ့ပြီဖြစ်ပါတယ်။ ယခုပွဲစဉ်မှာ အာဂျင်တီးနားလက်ရွေးစင်ဟာ ဂိုးဖန်တီးမှု ၂ ကြိမ်စလုံးကိုပြုလုပ်ပေးခဲ့တာကြောင့် အသင်းရဲ့ ဟီးရိုးဖြစ်ခဲ့ပါတယ်။ အသင်းရဲ့တိုက်စစ်မှူး လူးဝစ်ဆွာရက်ဇ်ရဲ့ ဂိုးပေါက်ပျောက်မှုနဲ့ပတ်သက်ပြီး မာရှေယာနိုက "သူက ဂိုးကံခေနေတာပါ။ အချို့ကန်ချက်တွေက ဂိုးမတည့်သလို၊ အချို့ကိုလည်း ပြိုင်ဘက်ဂိုးသမားက ကာကွယ်ခဲ့ပါတယ်။ ဒါပေမယ့် သူ့ရဲ့ကစားပုံကတော့ ကျဆင်းသွားခြင်းမရှိပါဘူး။ ခံစစ်ကစားရတဲ့အချိန်တွေမှာတောင် ကြိုးစားအားထုတ်မှုအပြည့်နဲ့ အသင်းကိုကူညီခဲ့ပါတယ်။ သူဂိုးတွေပြန်ရဖို့ ကျွန်တော်တို့ကူညီသွားပါမယ်" လို့ပြောကြားခဲ့ပါတယ်။
လာမယ့်တနင်္ဂနွေနေ့မှာတော့ အင်တာမီယာမီဟာ နောက်ထပ်လိဂ်ဖလားပွဲစဉ်အဖြစ် အတ္တလန္တာကို ၃-၁ နဲ့ဂိုးပြတ်အနိုင်ရထားတဲ့ နီကာဇာနဲ့ ထိပ်တိုက်တွေ့ဆုံသွားမှာဖြစ်ပါတယ်။