
တော့တင်ဟမ်နဲ့အတူ ဆုဖလားဆွတ်ခူးနိုင်ခဲ့လို့ ဝမ်းမြောက်မိကြောင်း ပြောကြားလာတဲ့ ဘရန်နန်ဂျွန်ဆန်
ကြာသပတေးနေ့နံနက်ကယှဉ်ပြိုင်ခဲ့တဲ့ ယူရိုပါလိဂ်ဗိုလ်လုပွဲစဉ်မှာ မန်ချက်စတာယူနိုက်တက်ဘက်သို့ တစ်လုံးတည်းသောအနိုင်ဂိုးကို သွင်းယူပေးခဲ့ပြီး တော့တင်ဟမ်အတွက် နိုင်ပွဲရရှိစေခဲ့တဲ့ တောင်ပံကစားသမား ဘရန်နန်ဂျွန်ဆန်က အသင်းနဲ့အတူ ဆုဖလားဆွတ်ခူးနိုင်ခဲ့လို့ အလွန်ဝမ်းမြောက်မိကြောင်း ပြောကြားလာခဲ့ပါတယ်။
တော့တင်ဟမ်အနေနဲ့ ၁၇ နှစ်ကြာ ဆုဖလားမိုးခေါင်မှုကို ရပ်တန့်ပစ်ဖို့ ယခုပွဲစဉ်မှာ ခြေကုန်ထုတ်ကစားခဲ့တာဖြစ်ပြီး ဂျွန်ဆန်ရဲ့သွင်းဂိုးတစ်ဂိုးတည်းနဲ့ ချန်ပီယံဖြစ်ဖို့ လုံလောက်ခဲ့ပါတယ်။ ခက်ခဲကြမ်းတမ်းတဲ့ ရာသီတစ်ခုကို ကျော်ဖြတ်ခဲ့ရတဲ့ ပရိသတ်တွေအတွက် တော့တင်ဟမ်ဟာ နောက်ဆုံးမှာတော့ ဆုဖလားတစ်လုံးနဲ့ ကျေနပ်မှုအပြည့်အဝ ပေးနိုင်ခဲ့တာလည်းဖြစ်ပါတယ်။
ပွဲအပြီးမှာ ဂျွန်ဆန်က "ကျွန်တော်အရမ်းပျော်ပါတယ်။ ဒီရာသီမှာ ကျွန်တော်တို့ လုံလောက်အောင်မကောင်းခဲ့ပါဘူး။ ဒါပေမယ့် အခုချိန်မှာတော့ ဒါတွေကိုမေ့ပြီး ပျော်လို့ရပါပြီ။ အသင်းက ၁၇ နှစ်အတွင်း ပထမဆုံးအကြိမ် ဖလားဆွတ်ခူးနိုင်ခဲ့တာပါ။ ဒါက အများကြီးအဓိပ္ပာယ်ရှိပါတယ်"
"ပရိသတ်တွေလည်း ကျွန်တော်တို့ကို အားပေးခဲ့ရလို့ ချုံးချုံးကျနေကြပါပြီ။ ဆုဖလားအတွက် တိုက်ပွဲဝင်ခဲ့ရလွန်းလို့ အသင်းကလည်း ခြေကုန်လက်ပန်းကျနေပါပြီ။ ဒါကြောင့် အခုတော့ ဒီဆုဖလားနဲ့ အပန်းဖြေရတော့မှာပါ။ အရမ်းပျော်ပါတယ်။ ကျွန်တော် ဒီကိုစရောက်တော့ တော့တင်ဟမ်က အသင်းကောင်းတစ်သင်းဖြစ်ပေမယ့် ဆုဖလားတော့ရမှာမဟုတ်ဘူးဆိုတဲ့ စကားတွေကြားခဲ့ရပါတယ်။ ဒါပေမယ့် အခုတော့ ကျွန်တော်တို့ လုပ်နိုင်ခဲ့ပါပြီ" လို့ပြောကြားခဲ့ပါတယ်။
တော့တင်ဟမ်ဟာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားရဲ့ အဆင့် ၁၇ နေရာမှာရပ်တည်နေတာကြောင့် နည်းပြ အန်ဂျီပိုစတီကိုဂလူအနေနဲ့ အတော်လေးဝေဖန်ခံနေရပြီး ရာထူးကနေ ထုတ်ပယ်ခံရနိုင်တယ်လို့ သတင်းတွေလည်း ထွက်ပေါ်ထားတာဖြစ်ပါတယ်။
ဆက်လက်ပြီး ပိုစတီကိုဂလူက နည်းပြကောင်းတစ်ယောက်ဖြစ်ကြောင်းကို ဂျွန်ဆန်က "သူ့အလုပ်ကို သူပြီးမြောက်အောင်လုပ်နိုင်ခဲ့ပါတယ်။ ဘယ်အသင်းမှာမဆို ဒုတိယရာသီမှာ အောင်မြင်မှုဆွတ်ခူးပေးနိုင်တယ်ဆိုတဲ့ သူ့ရဲ့စကားကို တည်ခဲ့ပါတယ်။ ကျွန်တော်သူ့ကို အရမ်းကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့ကို အမြဲတမ်း ယုံကြည်ပေးခဲ့ပါတယ်။ အရမ်းတော်တဲ့ နည်းပြတစ်ယောက်ပါ" လို့ပြောကြားခဲ့ပါတယ်။
လာမယ့် တနင်္ဂနွေနေ့မှာတော့ တော့တင်ဟမ်ဟာ ၂၀၂၄-၂၅ ပရီးမီးယားလိဂ် ရာသီပိတ်ပွဲစဉ်အဖြစ် ဘရိုက်တန်နဲ့ ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး အဆိုပါပွဲစဉ်မတိုင်မီ ကြားရက်ထဲမှာတော့ ယူရိုပါလိဂ်ဆုဖလားနဲ့အတူ အောင်ပွဲခံ အခမ်းအနားတွေကျင်းပသွားဖွယ်ရှိပါတယ်။