
တော့တင်ဟမ်စတား ၁ ဦးနဲ့ပတ်သက်ပြီး သူ့ရဲ့စိတ်လှုပ်ရှားမှု ကို ထုတ်ဖော်ပြောကြားလာတဲ့ ဟယ်ရီကိန်း
ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး ဟယ်ရီကိန်းက သူ့အနေနဲ့ တော့တင်ဟမ်တိုက်စစ်မှူး မက်တီတဲလ်ရဲ့စွမ်းဆောင်ရည်ကိုကြည့်ရတာ စိတ်လှုပ်ရှားမိတယ်လို့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ ဂျာမန်မြေမှာ အတူတူတွဲကစားဖူးခဲ့တဲ့ တဲလ်ဟာ လက်ရှိတော့တင်ဟမ်အသင်းမှာ ကစားနေပြီး စွမ်းဆောင်ရည်ကောင်းတွေပြသနေပါတယ်။
တဲလ်ဟာ ဆောင်းဈေးကွက်တုန်းက ဘိုင်ယန်ထံကနေ တော့တင်ဟမ်ထံ ကနဦးအငှားနဲ့ပြောင်းရွှေ့ခဲ့ပေမယ့် အခုနွေရာသီမှာ အပြီးသတ်ပြောင်းရွှေ့ခဲ့ပါတယ်။ တော့တင်ဟမ်အသင်းရဲ့သမိုင်းတစ်လျှောက်ထိပ်တန်းဂိုးသွင်းရှင် ကိန်းက ဘိုင်ယန်မှာ တဲလ်နဲ့အတူ ၁၈ လဖြတ်သန်းခဲ့ဖူးတာဖြစ်ပါတယ်။ အခုချိန်မှာ ကိန်းက အသက် ၁၉ နှစ်သားကို ပရီးမီးယားလိဂ်မှာ တော့တင်ဟမ်နဲ့ပျော်ရွှင်နေဖို့ တိုက်တွန်းပြောကြားခဲ့ပါတယ်။
တော့တင်ဟမ်ကို ၄-၀ နဲ့အနိုင်ရပြီးနောက် ကိန်းက “သူ(တဲလ်)မှာ ကြီးမားတဲ့အလားအလာရှိနေပါတယ်။ သူက ဘယ်တောင်ပံမှာကော တိုက်စစ်မှူးအဖြစ်ပါ ကစားနိုင်ပါတယ်။ သူက အန္တရာယ်များနေတဲ့နေရာတွေကို တိုးဝင်နိုင်သလို ဘောလုံးနဲ့အတူလည်း အဆုံးသတ်နိုင်တဲ့သူပါ။ တစ်ဦးချင်းကျော်ဖြတ်ရာမှာလည်း ကောင်းမွန်ပါတယ်။ ကျွန်တော် သူ့ကိုဖိအားတွေမပေးချင်ပါဘူး။ သူ ပရီးမီးယားလိဂ်မှာ သက်တောင့်သက်သာကစားစေချင်ပါတယ်။ သူ့အနေနဲ့ ငယ်ရွယ်သေးတာကြောင့် အတွေ့အကြုံကောင်းတွေရနိုင်ပါတယ်။
အများကြီးတိုးတက်ဖို့ လိုအပ်နေသလို အလုပ်အများကြီးလုပ်ရဦးမယ်ဆိုတာ သူသိပါတယ်။ ပရီးမီးယားလိဂ်မှာ သူယုံကြည်မှုအပြည့်နဲ့ တောက်ပနိုင်ဖို့ မျှော်လင့်ပါတယ်။ ဘဝက ကောင်းမွန်ပါတယ်။ သူ့အနေနဲ့လည်း ကြီးမားတဲ့အတွေ့အကြုံတွေရနိုင်ပါတယ်။ ကျွန်တော် ဒီမှာပျော်နေသလို ကျွန်တော့်မိသားစုလည်း အတူတူပါပဲ။ ကျွန်တော် ရာသီသစ်အတွက် မစောင့်နိုင်အောင်ဖြစ်နေပါပြီ။
ယေဘုယျာအားဖြင့် ကျွန်တော် အသက် ၁၁ နှစ်ကတည်းက တော့တင်ဟမ်မှာစတင်ခဲ့တာပါ။ အခုတော့ ကျွန်တော့်ခရီးလမ်းကို ဆက်လျှောက်နေပါပြီ။ ကျွန်တော့်ခရီးလမ်းကြောင်းမှာ ပါဝင်ခဲ့တဲ့သူတွေကော တော့တင်ဟမ်ပရိသတ်တွေကိုလည်း ကျေးဇူးတင်ပါတယ်။ သူတို့က ကြီးမားတဲ့အစိတ်အပိုင်းတစ်ခုအနေနဲ့ ပါဝင်ခဲ့ကြပါတယ်”လို့ ကိန်းက ဖြေကြားခဲ့ပါတယ်။ တဲလ်ဟာ တော့တင်ဟမ်နဲ့အတူ ခြေစွမ်းပြနိုင်ဖို့ ပစ်မှတ်ထားနေပြီး ဒီရာသီထိပ်ဆုံး ၄ သင်းဝင်နိုင်ဖို့ ပစ်မှတ်ထားနေပါတယ်။ ကိန်းကတော့ ဘိုင်ယန်နဲ့အတူ ရာသီသစ်အတွက် ကြိုတင်ပြင်ဆင်နေပြီး ဆုဖလားအောင်မြင်မှုတွေထပ်ယူချင်နေပါတယ်။