
အခုလိုနေ့ရက်မျိုးကို စောင့်ဆိုင်းခဲ့ရပြီး မိနစ်တိုင်းကို တစိမ့်စိမ့်အရသာခံသွားဖို့ တိုက်တွန်းလိုက်တဲ့ ဗန်ဒိုက်
ဗာဂျေးဗန်ဒိုက်က အခုတနင်္ဂနွေနေ့၊ အန်ဖီးလ်ကွင်းပွဲစဉ်မှာ စက္ကန့်တိုင်းကို အရသာရှိရှိဖြတ်သန်းသွားဖို့ ရည်မှန်းနေပြီး လီဗာပူးပရိသတ်တွေကိုလည်း ဒီအတိုင်းပဲ အတူတကွလိုက်ပါခံစားစီးမြောစေဖို့ ဆန္ဒရှိနေပါတယ်။ ခရစ္စတယ်ပဲလေ့စ်နဲ့ရင်ဆိုင်ရမယ့် ရာသီပိတ်ပွဲစဉ်အပြီးမှာ ကြိုးကြာနီကပ္ပတိန်က ပရီးမီးယားလိဂ်ချန်ပီယံဆုဖလားကြီးကို လက်ခံရယူသွားပါလိမ့်မယ်။ အခုလိုကွင်းလုံးပြည့်ပရိသတ်တွေနဲ့အတူ ဆုဖလားအောင်ပွဲခံအခမ်းအနားပြုလုပ်နိုင်ဖို့ လီဗာပူးက ၃၅ နှစ်ကြာ စောင့်ဆိုင်းခဲ့ရပါတယ်။ ဒါကြောင့် ဒီအောင်ပွဲကို ပျော်ပျော်ရွှင်ရွှင်နဲ့ လူတိုင်းပါဝင်ဆင်နွှဲဖို့ ဗန်ဒိုက်က လိုလားနေပါတယ်။
Matchday Programme မှာရေးသားခဲ့တဲ့ သူ့ရဲ့ဆောင်းပါးမှာ ဗန်ဒိုက်က “ ကျွန်တော်တို့အားလုံး စောင့်ဆိုင်းခဲ့ရတဲ့ နေ့ရက်တစ်ခုဆီ ရောက်ရှိလာပါပြီ။ ကျွန်တော်တို့အားလုံး ပထမဆုံးမိနစ်မှစတင်ပြီး နောက်ဆုံးအချိန်အထိ အရသာရှိရှိဖြတ်သန်းရမယ့် အခိုက်အတန့်ကာလတစ်ခု ဖြစ်ပါတယ်။ ပြီးခဲ့တဲ့လ၊ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ဖို့ သေချာသွားခဲ့ပြီးနောက်ပိုင်း ကျွန်တော်ကိုယ်တိုင်လည်း ဒီအခိုက်အတန့်ကို စောင့်မျှော်နေခဲ့ပါတယ်။ ပြီးတော့ ခင်ဗျားတို့အားလုံးလည်း ဒီအတိုင်းပဲဖြစ်နေလိမ့်မယ်လို့ ယုံကြည်ပါတယ်။
ပြီးခဲ့တဲ့သီတင်းပတ်အနည်းငယ်အတွင်း အောင်ပွဲခံမှုအချို့ရှိပေမယ့် ဒီနေ့၊ အန်ဖီးလ်မှာ အိမ်ရှင်ပရိသတ်တွေရှေ့မှောက် ဆုဖလားကြီးကိုင်မြှောက်သွားဖို့ဆိုတဲ့ အတွေးမျိုးနဲ့ တူရောတူပါ့မလား? လုံး၀ မတူပါဘူး။ ထူးရှယ်အခိုက်အတန့် ဖြစ်ပါတယ်။ ၂၀၂၀ ပြည့်နှစ်မှာ ဒီအခွင့်အရေးမျိုးရရှိခဲ့ပေမယ့် ငြင်းပယ်ခံခဲ့ရပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့မှာ ဒီအခွင့်အရေးကိုပြန်ရအောင်လုပ်သွားဖို့ဆိုတဲ့ တာဝန်တစ်ရပ် ရှိလာပါတယ်။ နေ့ရက်တိုင်းမှာ ကျွန်တော်တို့လုပ်ဆောင်ခဲ့တဲ့ အရာတွေကြောင့် ဖြစ်ပေါ်ပေါက်လာတဲ့ ဒီအခိုက်အတန့်တွေကို ကျွန်တော်တို့အားလုံး ပျော်ပျော်ရွှင်ရွှင်နဲ့ဖြတ်သန်းသွားဖို့ လိုအပ်ပါတယ်။
ကျွန်တော်ပြောတာကို ယုံကြည်ပေးပါ၊ ကျွန်တော်တို့ကစားသမားတွေအားလုံး အနစ်နာခံခဲ့ကြပါတယ်။ ဒါပေမယ့် ရှည်လျားတဲ့နေ့ရက်တွေနဲ့ အေးစက်တဲ့ညတွေ၊ လွဲချော်မှုတွေနဲ့ စိတ်ပျက်ရမှုတွေ၊ တောက်ပတဲ့စွမ်းဆောင်ရည်နဲ့ နောက်ဆုံးမိနစ်အနိုင်ဂိုးတွေရှိလာခဲ့ပြီးနောက် ဒီနေ့လိုနေ့ရက်မျိုးကိုရရှိလာတာ အားလုံးနဲ့ထိုက်တန်မှုအပြည့် ရှိပါတယ်။ သီတင်းပတ်တိုင်း၊ အချိန်တွေ၊ ငွေတွေ၊ ခွန်အားတွေ သုံးစွဲပေးခဲ့တဲ့ ကမ္ဘာအနှံ့မှာရှိနေတဲ့ ကျွန်တော်တို့အသင်း ပရိသတ်တွေအတွက်လည်း အလားတူပဲ ဖြစ်ပါတယ်။
ခင်ဗျားတို့ရဲ့စိတ်အားထက်သန်မှု၊ ခင်ဗျားတို့ရဲ့စစ်မှန်ပီသမှုနဲ့ ခင်ဗျားတို့ရဲ့ပေးဆပ်မှုတွေက ကျွန်တော့်ကို ဘယ်တုန်းကမှ မအံ့သြစေခဲ့ပါဘူး။ ခင်ဗျားတို့က ကမ္ဘာ့အကောင်းဆုံးပရိသတ်တွေပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့အောင်မြင်မှုသမိုင်းမှတ်တိုင်တိုင်းမှာ ခင်ဗျားတို့လည်း တစိတ်တပိုင်းအဖြစ် ပါဝင်တယ်ဆိုတာ သိစေချင်ပါတယ်။ ဒါကြောင့် ကိုယ်လုပ်စရာရှိတာလုပ်သွားပြီး အတူတကွ အောင်ပွဲခံသွားကြမယ်”လို့ ရေးသားဖော်ပြခဲ့ပါတယ်။