The network connection is lost.

Banner Image

ဗင်နီစီးယက်စ် မျှော်လင့်ထားတာထက် ပိုမိုလျင်မြန်စွာကစားနိုင်မယ်လို့ အသိပေးလာတဲ့ အန်ဆယ်လော့တီ

ရီးရဲလ်မက်ဒရစ်နည်းပြ ကားလို့စ်အန်ဆယ်လော့တီက ဒဏ်ရာရနေတဲ့ အသင်းရဲ့အဓိက တောင်ပံကစားသမား ဗင်နီစီးယက်စ်ဂျူနီယာဟာ ယခုအခါမှာ သက်သာလာပြီဖြစ်တာကြောင့် မျှော်လင့်ထားတာထက် ပိုမိုလျင်မြန်စွာ ကစားနိုင်တော့မယ်လို့ အသိပေးပြောကြားလာခဲ့ပါတယ်။ 

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၄ ရက်နေ့က လီဂါနက်စ်နဲ့ ယှဉ်ပြိုင်ခဲ့တဲ့ လာလီဂါပွဲစဉ်မှာ ဒဏ်ရာရခဲ့တဲ့ ဗင်နီစီးယက်စ်အနေနဲ့ အချိန် ၁ လလောက်အထိ အနားယူသွားရမယ်လို့ ကနဦးက ယူဆထားခဲ့ကြပေမယ့် ယခုအခါမှာတော့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ လုပ်နိုင်ပြီဖြစ်ပါတယ်။ ဘရာဇီးလက်ရွေးစင်ကစားသမားဟာ ဂီတာဖေး၊ လီဗာပူး၊ ဘီလ်ဘာအိုတို့နဲ့ ယှဉ်ပြိုင်ခဲ့တဲ့ ရီးရဲလ်မက်ဒရစ်ရဲ့ပွဲစဉ် ၃ ပွဲကိုလွဲချော်ခဲ့ပြီး အဆိုပါ ၃ ပွဲမှာ ရီးရဲလ်မက်ဒရစ်က ၂ ပွဲအထိ အရေးနိမ့်ခဲ့ပါတယ်။ 

တောင်ပံကစားသမားဟာ လေ့ကျင့်ရေးအစီအစဉ်တွေပြုလုပ်နေပြီဖြစ်ပေမယ့် ဂျီရိုနာနဲ့ ယှဉ်ပြိုင်သွားရမယ့် လာလီဂါပွဲစဉ်အတွက်တော့ အဆင်သင့်မဖြစ်သေးဘူးလို့သိရပါတယ်။ နည်းပြကြီး အန်ဆယ်လော့တီကတော့ ဗင်နီစီးယက်စ်ဟာ ကြားရက်မှာ ယှဉ်ပြိုင်သွားမယ့် ချန်ပီယံလိဂ်ပွဲစဉ်မှာ ပြန်လည်ပါဝင်သွားမှာဖြစ်ကြောင်းနဲ့ တစ်ဆက်တည်းမှာပဲ နောက်ခံလူ ဒေးဗစ်အလာဘာကတော့ နောက်နှစ်အစမှသာ ကစားနိုင်မယ်လို့ အသိပေးပြောကြားခဲ့ပါတယ်။ 

အီတလီသားက “ဗင်နီစီးယက်စ်ဆီက သတင်းကောင်းကြားရပါတယ်။ သူ အတော်လေး အခြေအနေကောင်းလာပါတယ်။ မနက်ဖြန်ပွဲအတွက်တော့ အဆင်သင့်ဖြစ်မှာမဟုတ်ပါဘူး။ ဒါပေမယ့် ချန်ပီယံလိဂ်ပွဲစဉ်အတွက်တော့ အဆင်သင့်ဖြစ်နေမှာပါ။ အလာဘာကလည်း ကျွန်တော်တို့နဲ့အတူ လေ့ကျင့်ရေးဆင်းနေပြီဆိုပေမယ့် ၁ လလောက်တော့ အချိန်ယူရပါဦးမယ်။ လာမယ့် ဇန်နဝါရီလမှာ ပြန်လာပါလိမ့်မယ်။ နောက်နှစ်ပေါ့” လို့ပြောကြားခဲ့ပါတယ်။ 

လာမယ့်တနင်္ဂနွေနေ့မှာ ရီးရဲလ်မက်ဒရစ်ဟာ ဂျီရိုနာနဲ့ ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး ဒီဇင်ဘာလ ၁၀ ရက်၊ အင်္ဂါနေ့မှာတော့ ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် အတ္တလန္တာနဲ့ ကစားသွားရပါမယ်။