
အက်စတွန်ဗီလာကိုအနိုင်ရရှိမှုက ကြီးမားတဲ့ခြေလှမ်းတစ်ရပ်ဖြစ်တယ်လို့ ဖွင့်ဟလာတဲ့ ရူဘင်ဒီယက်စ်
ဒီနေ့မနက်ပိုင်း၊ စိတ်လှုပ်ရှားဖွယ်နိုင်ပွဲအပြီး အမှတ်ပေးဇယားတတိယနေရာဆီ မန်စီးတီးတို့ ရောက်ရှိလာပြီးနောက် ချန်ပီယံလိဂ်ဝင်ခွင့်ရရှိရေးတိုက်ပွဲအတွင်း ပြိုင်ဘက်အသင်းဖြစ်တဲ့ အက်စတွန်ဗီလာအပေါ် အနိုင်ရရှိမှုရဲ့အရေးပါပုံကို ရူဘင်ဒီယက်စ်က အလေးပေးပြောကြားခဲ့ပါတယ်။
အီတီဟတ်ကွင်းမှာကစားတဲ့ အခုပွဲစဉ်ရဲ့ပထမပိုင်းပွဲချိန်၊ ခုနစ်မိနစ်မှာပဲ ဘာနာဒိုဆေးလ်ဗားက အိမ်ရှင်တွေအတွက် ဦးဆောင်ဂိုးသွင်းယူခဲ့ပေမယ့် သိပ်မကြာခင်မှာပဲ ရက်ရှ်ဖို့ဒ်က ပယ်နယ်တီမှတဆင့် အက်စတွန်ဗီလာအတွက် ချေပဂိုးကို သွင်းယူပေးခဲ့ပါတယ်။ ဒုတိယပိုင်းပွဲချိန်အတွင်း မန်စီးတီးက အနိုင်ရလဒ်ဖော်ဆောင်ဖို့ တိုက်စစ်မြှင့်ကစားခဲ့ပေမယ့် နာကျင်အချိန်ပိုရောက်ရှိမှသာ ဒိုကူရဲ့ဖန်တီးပေးမှုမှတဆင့် မာသီးယက်စ်နူနက်စ်ရဲ့အနိုင်ဂိုးကို ရရှိခဲ့ပါတယ်။
အခုနိုင်ပွဲနဲ့အတူ မန်စီးတီးက ရမှတ် ၆၁ မှတ်ဖြင့် အမှတ်ပေးဇယားတတိယနေရာဆီ ရောက်ရှိလာကာ တစ်ပွဲလျော့ကစားထားတဲ့ အဆင့်-၆ နေရာရှိ ချဲလ်ဆီးထက် လေးမှတ်အသာအနေအထားတစ်ရပ်ကို ဖန်တီးနိုင်ခဲ့ပါတယ်။ ဒါကြောင့် ပက်ဂွါဒီယိုလာရဲ့အသင်းက ပရီးမီးယားလိဂ် TOP 5 စာရင်းဝင်ရောက်ကာ ရာသီကုန်ချန်ပီယံလိဂ်ဝင်ခွင့်ရရှိရေးအတွက် မိမိကြမ္မာမိမိဖန်တီးနိုင်ခွင့် ရရှိသွားပါတယ်။
ပွဲစဉ်အပြီး အင်တာဗျူးတစ်ခုမှာ ရူဘင်ဒီယက်စ်က “ ပရီးမီးယားလိဂ်ထိပ်ဆုံးငါးသင်းစာရင်းဝင်ဖို့ ကျွန်တော်တို့နဲ့အတူ အက်စတွန်ဗီလာလည်း ယှဉ်ပြိုင်နေပါတယ်။ ဒါကြောင့် အခုလိုအနိုင်သုံးမှတ်အပြည့်ရရှိခဲ့တဲ့ပွဲစဉ်က အထူးစပါယ်ရှယ်ပွဲစဉ် ဖြစ်ပါတယ်။ လေးပွဲကစားဖို့ကျန်ရှိပြီး ဒီပွဲစဉ်အားလုံးက အထူးအရေးကြီးပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း ဒီနေ့မှာ အနိုင်သုံးမှတ်အပြည့် ရရှိချင်ခဲ့ပါတယ်။ ပြိုင်ပွဲက ဘယ်လောက်အထိ ခက်ခဲမလဲဆိုတာနဲ့ အဆုံးသတ်ချိန်အထိ ယှဉ်ပြိုင်ရနိုင်ပုံကို ကျွန်တော်တို့ သိထားပါတယ်။ ဒါကြောင့် ဒီနေ့ပွဲစဉ် ဘယ်လောက်အထိအရေးပါသလဲဆိုတာ မပြောပြနိုင်လောက်အောင် ဖြစ်မိပါတယ်။ ဒါက ကျွန်တော်တို့အတွက် ကြီးမားတဲ့ခြေလှမ်းတစ်ရပ် ဖြစ်ပါတယ်”လို့ ပြောပါတယ်။
လက်ရှိမှာ ပက်ဂွါဒီယိုလာရဲ့အသင်းက ပြိုင်ပွဲစုံခုနစ်ပွဲဆက်ရှုံးပွဲမရှိဖြတ်သန်းနေပြီး TOP 5 မှာ ရာသီသိမ်းချင်တဲ့ တူညီဆန္ဒကြောင့် ရည်မှန်းချက်ဆီ အတူတကွရောက်ရှိသွားနိုင်မယ်လို့ ရူဘင်ဒီယက်စ် ယုံကြည်နေပါတယ်။
သူက “ ကျွန်တော်တို့တွေ ဘယ်လိုအခြေအနေမျိုးမှာ ရောက်ရှိနေသလဲဆိုတာ ကျွန်တော်တို့ကိုယ်တိုင်လည်း သိကြပါတယ်။ TOP 4 သို့မဟုတ် TOP 5 ဝင်ဖို့ဆိုတာ ကျွန်တော်တို့အတွက် အဓိပ္ပါယ်အပြည့်အဝရှိပါတယ်။ ဒါကပဲ ကျွန်တော်တို့အတွက် အခုရာသီ၊ ပရီးမီးယားလိဂ်ပြိုင်ပွဲ ဖြစ်ပါတယ်။ ကျွန်တော်တိုအတွက် အဓိကဆုဖလားပေါ့။ အမှန်ပါပဲ၊ကျွန်တော်တို့မှာ အက်ဖ်အေဖလားနဲ့ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲတို့ ကျန်ရှိနေပါသေးတယ်။ ဒါပေမယ့် အခုအချိန်မှာတော့ ချန်ပီယံလိဂ်ဝင်ခွင့်ရရှိဖို့ကသာ ကျွန်တော်တို့အတွက် အဓိပ္ပါယ်အပြည့်အ၀ ရှိနေပါတယ်”လို့ ပြောပါတယ်။