The network connection is lost.

Banner Image

ယူနိုက်တက်တိုက်စစ်မှူး ဇက်ခ်ဇီကို အရမ်းကောင်းတဲ့ကစားသမားတစ်ယောက်ဖြစ်တယ်လို့ ဂျူဗင်တပ်စ်အားကစားဒါရိုက်တာ ချီးကျူး

 ဂျူဗင်တပ်စ်အားကစားဒါရိုက်တာ ခရစ္စတီယာနိုဂျီအန်တိုလီက မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူး ဂျိုရှုးဝါးဇက်ခ်ဇီကို အရမ်းကောင်းတဲ့ ကစားသမားတစ်ယောက်ဖြစ်တယ်လို့ ချီးကျူးပြောဆိုလာခဲ့ပါတယ်။ 


ပြီးခဲ့တဲ့ နွေရာသီအပြောင်းအရွှေ့ကာလမှာ ဘိုလော့ဂ်နာမှ အိုးလ်ထရက်ဖို့ဒ်သို့ပြောင်းရွှေ့လာခဲ့တဲ့ နယ်သာလန်လက်ရွေးစင်ကစားသမားဟာ ယူနိုက်တက်မှာ ပုံစံကောင်းရဖို့ ရုန်းကန်နေရပြီး ယခုရာသီ ပြိုင်ပွဲစုံမှာ အသင်းအတွက် စုစုပေါင်း ၃ ဂိုးသာ သွင်းယူထားနိုင်သေးတာဖြစ်ပါတယ်။ ဒါ့အပြင် ဇက်ခ်ဇီဟာ ပရီးမီးယားလိဂ်မှာလည်း ပွဲထွက်ကစားသမားအဖြစ် ၅ ပွဲသာ ပါဝင်ကစားခွင့်ရထားပါတယ်။ 


ဒါကြောင့် ကစားသမားဟာ လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ အိုးလ်ထရက်ဖို့ဒ်ကနေ ထွက်ခွာနိုင်ချေရှိနေတယ်လို့ ယူဆခံရထားရပြီး ဂျူဗင်တပ်စ်နဲ့ ချိတ်ဆက်မှုတွေရှိနေတယ်လို့လည်း ကောလာဟလတွေ ထွက်ပေါ်နေတာဖြစ်ပါတယ်။ အသက်-၂၃ နှစ်အရွယ် ကစားသမားဟာ ပြီးခဲ့တဲ့ရာသီက ဘိုလော့ဂ်နာအတွက် အရေးပါတဲ့ ကစားသမားတစ်ယောက်အဖြစ် ရပ်တည်နိုင်ခဲ့ပြီး အသင်းကို ချန်ပီယံလိဂ်ဝင်ခွင့်ရရှိအောင်လည်း ကူညီပေးနိုင်ခဲ့ပါတယ်။ 


လက်ရှိအချိန်မှာ ကစားသမားဟာ နည်းပြဟောင်း သီယာဂိုမော့တာနဲ့ ပြန်လည်ချိတ်ဆက်ဖို့ အခွင့်အရေးများနေတယ်လို့ သိရပါပြီး ဂျူဗင်တပ်စ်အားကစားဒါရိုက်တာ ဂျီအန်တိုလီကလည်း နယ်သာလန်သားကို ချီးကျူးလာခဲ့တာဖြစ်ပါတယ်။ 
ဂျီအန်တိုလီက “ဇန်နဝါရီမှာ ဇက်ခ်ဇီကိုခေါ်ယူနိုင်ချေနဲ့ပတ်သက်ပြီးတော့လား။ ကျွန်တော်တို့ အသင်းရဲ့ကစားသမား မီလစ်ခ်ကို စောင့်နေတုန်းပါ။

ဇက်ခ်ဇီကအရမ်းကောင်းတဲ့ကစားသမားတစ်ယောက်ပါ။ ဒါပေမယ့် သူက ယူနိုက်တက်ရဲ့ထိန်းချုပ်မှုအောက်မှာရှိနေပါတယ်။ ဒါကြောင့် ဒီထက်ပိုပြီး ပြောလို့မရပါဘူး။ လက်ရှိအချိန်မှာတော့ အခြားအရာတွေမှာပဲ အာရုံစူးစိုက်မှုအပြည့်ထားထားပါတယ်” လို့ပြောကြားခဲ့ပါတယ်။ 


တနင်္ဂနွေနေ့မှာတော့ ယူနိုက်တက်ဟာ မန်ချက်စတာဒါဘီပွဲစဉ်အဖြစ် မြို့ခံပြိုင်ဘက် မန်စီးတီးကို အီတီဟတ်မှာ သွားရောက်ယှဉ်ပြိုင်ရမှာဖြစ်ပြီး ပရီးမီးယားလိဂ် ၂ ပွဲဆက်အရှုံးကနေ ပြန်လာနိုင်ဖို့ ကြိုးစားသွားရမှာဖြစ်ပါတယ်။