
ပီအက်စ်ဂျီအသင်း အားသာခဲ့တဲ့နေရာကို ထောက်ပြလာတဲ့ ဒီဂျောင်
ဗုဒ္ဓဟူးညပိုင်း၊ ချန်ပီယံလိဂ်ပွဲစဉ်မှာ ပီအက်စ်ဂျီကို ၂-၁ ဂိုးဖြင့် ရှုံးနိမ့်ပြီးနောက် ဘာစီလိုနာကွင်းလယ်လူဒီဂျောင် စိတ်ပျက်လက်ပျက်ဖြစ်သွားခဲ့ပါတယ်။ အခုပွဲစဉ်မှာ ဘာစီလိုနာအတွက် ဖာရန်တောရက်စ်က ဦးဆောင်ဂိုးသွင်းယူပေးခဲ့ပြီး ဥရောပချန်ပီယံတွေအတွက် ပထမဆုံးပွဲချိန်မပြီးဆုံးခင်မှာတင် မာယူလူက ချေပဂိုး၊ ပွဲချိန်မိနစ် ၉၀ မှာ ဂွန်ကာလိုရာမို့စ်က နောက်ကျအနိုင်ဂိုးတို့ကို သွင်းယူပေးခဲ့ပါတယ်။
နောက်ကျဂိုးရဲ့သဘောသဘာဝကို ဘာစီလိုနာတို့ လက်ခံပေးဖို့ ခက်ခဲနိုင်ပေမဲ့ ဒီဂျောင်ကိုယ်တိုင်ကတော့ ဧည့်သည်အသင်းရဲ့တိုက်စစ်ကစားပုံ ပိုမိုကောင်းမွန်ခဲ့တယ်လို့ ဝန်ခံပြောဆိုခဲ့ပါတယ်။ ပွဲစဉ်အပြီး သတင်းမီဒီယာတွေနဲ့တွေ့ဆုံချိန် ဒီဂျောင်က “ အလွန်စိတ်ပျက်မိပါတယ်။ အိမ်ကွင်းမှာ နောက်ကျဂိုးနဲ့ အရှုံးပေးလိုက်ရမယ်ဆိုရင် စိတ်ပျက်လက်ပျက်ဖြစ်မိပါလိမ့်မယ်။ ယေဘုယျအားဖြင့် ပီအက်စ်ဂျီက ဒုတိယပိုင်းပွဲချိန်တွေနဲ့ တိုက်စစ်ကစားပုံအပိုင်းမှာ ပိုကောင်းခဲ့တယ်လို့ ထင်ပါတယ်။ ကျွန်တော်တို့ကတော့ ပွဲစဉ်ကို အကောင်းဆုံးစတင်နိုင်ခဲ့ပါတယ်။ ထိပ်တိုက်ရင်ဆိုင်ရတဲ့ ပွဲစဉ်ဖြစ်ပေမဲ့ ဒုတိယပိုင်းပွဲချိန်တွေမှာ ပီအက်စ်ဂျီရဲ့စွမ်းဆောင်ရည်ပိုင်းက ကျွန်တော်တို့ထက် ပိုမိုကောင်းမွန်ခဲ့ပါတယ်။
ဒီလိုပွဲစဉ်မျိုးကို စောင့်ကြည့်ရတာ ကောင်းပါတယ်။ ကျွန်တော်တို့လည်း ဥရောပရဲ့ထိပ်တန်းအဆင့်မှာ ပါဝင်ပါတယ်။ ဒီနေ့မှာ သူတို့တွေ အနိုင်ရသွားပေမဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲအတွက်တော့ ခရီးရှည်ကြီးတစ်ခု ကျန်ရှိနေပါသေးတယ်။ အရှုံးရလဒ်အတွက် နာကျင်ရပေမဲ့ အခုနှစ်ချန်ပီယံလိဂ်ပြိုင်ပွဲမှာတော့ အဆုံးအဖြတ်မဖြစ်လာသေးပါဘူး။
ကျွန်တော်တို့က အမြဲတမ်းအနိုင်ရရှိချင်ပြီး မကျေမနပ်ဖြစ်ခဲ့ပါတယ်။ ခရီးရှည်ကြီးတစ်ခု ဖြတ်သန်းရပါဦးမယ်။ပွဲကြီးပွဲကောင်းတစ်ခုဖြစ်ခဲ့ပြီး ကျွန်တော်တို့အသင်း တိုးတက်အောင် ကြိုးစားရဦးမယ်ဆိုတာ ကောင်းကောင်းသိပါတယ်။ တိုးတက်လာအောင်လည်း ကြိုးစားသွားပါမယ်”လို့ ပြောပါတယ်။ အခုပွဲစဉ်ရလဒ်ပိုင်းက ဘာစီလိုနာအတွက် အခုရာသီ၊ ပထမဆုံးရှုံးပွဲကို ဖြစ်ပေါ်စေခဲ့ပြီး ချန်ပီယံလိဂ်မှာ အောင်မြင်မှုရယူချင်တယ်ဆိုရင် ဟန်စီဖလစ်ခ်ရဲ့အသင်း ကြိုးစားရဦးမယ်ဆိုတာကို ပြသခဲ့ပါတယ်။