စီးရီးအေကလပ် ကိုမိုသို့ အပြီးသတ်ပြောင်းရွှေ့တော့မယ့် ဗာရာနီ
ပြီးခဲ့တဲ့လက မန်ချက်စတာယူနိုက်တက်နဲ့ စာချုပ်သက်တမ်းကုန်ဆုံးပြီး အသင်းလက်မဲ့ဖြစ်နေခဲ့တဲ့ ရာဖေးလ်ဗာရာနီဟာ ယခုအခါမှာတော့ စီရီးအေ တန်းတက်အသင်း ကိုမိုသို့ အပြီးသတ်ပြောင်းရွှေ့တော့မယ်လို့ အပြောင်းအရွှေ့ကျွမ်းကျင် ဖာဘရီဇီယိုရိုမာနိုက ဖော်ပြလာခဲ့ပါတယ်။
မန်ချက်စတာစီးတီးကို အနိုင်ရခဲ့တဲ့ အက်ဖ်အေဖလားဗိုလ်လုပွဲမှာ ယူနိုက်တက်အတွက် နောက်ဆုံး ပွဲထွက်ပါဝင်ကစားခဲ့တဲ့ နောက်ခံလူဟာ ဆော်ဒီပရိုလိဂ်နဲ့ မေဂျာလိဂ်ကလပ်တွေမှ ကမ်းလှမ်းမှုတွေလက်ခံရရှိခဲ့ပေမယ့် အီတလီမြေကို ပြောင်းရွှေ့ဖို့သာ ရွေးချယ်ခဲ့တာဖြစ်ပါတယ်။ ကမ္ဘာ့ဖလားဆုရှင်ဟာ ၂၀၂၁ ခုနှစ်မှာ ရီးရဲလ်မက်ဒရစ်မှ အိုးလ်ထရက်ဖို့ဒ်သို့ စတင်ရောက်ရှိလာခဲ့ပြီး ၃ နှစ်ကြာ နေထိုင်ခဲ့ကာ ယူနိုက်တက်နဲ့အတူ ကာရာဘောင်ဖလားနဲ့ အက်ဖ်အေဖလားတို့ကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။
အသက်-၃၁ နှစ်အရွယ် ကစားသမားဟာ နောက်ထပ်ကစားသမားဘဝ အခန်းကဏ္ဍကို မဆုံးဖြတ်ခင်မှာ အချိန်ခဏယူခဲ့ပြီး ယခုအခါမှာတော့ အသင်းသစ်သို့ပြောင်းရွှေ့ဖို့ စီစဉ်နေပြီဖြစ်ပါတယ်။ ရိုမာနိုရဲ့အဆိုအရ ဗာရာနီဟာ အာဆင်နယ်နဲ့ ချဲလ်ဆီးကြယ်ပွင့်ဟောင်း ဖာဘရီဂတ်စ် ကိုင်တွယ်နေတဲ့ ကိုမိုသို့ ပြောင်းရွှေ့တော့မယ်လို့သိရပါတယ်။
ရိုမာနိုက “ဗာရာနီဟာ ကိုမိုသို့အပြီးသတ်ပြောင်းရွှေ့တော့မှာဖြစ်ပြီး စာချုပ်စာတမ်းတွေ အဆင်သင့်ဖြစ်နေပြီလို့သိရပါတယ်။ ယူနိုက်တက်နဲ့ ရီးရဲလ်မက်ဒရစ် ကြယ်ပွင့်ဟောင်းဟာ မန်နေဂျာ ဖာဘရီဂတ်စ်ရဲ့လက်အောက်မှာ အလုပ်လုပ်ဖို့ စိတ်ဝင်စားနေပါတယ်။ ကစားသမားဟာ ၂၀၂၆ ခုနှစ်အထိ စာချုပ်ချုပ်ဆိုသွားမှာဖြစ်ပြီး နောက်ထပ်အပိုရွေးချယ်ချယ်ခွင့် ၁ နှစ်ပါဝင်ပါတယ်”လို့ ဖော်ပြခဲ့ပါတယ်။
လီဗာပူးကစားသမားဟောင်းတွေဖြစ်တဲ့ ပီပီရေနာနဲ့ အယ်လ်ဘာတိုမိုရီနိုတို့ကို ခေါ်ယူထားခဲ့တဲ့ ကိုမိုဟာ ယခုအခါမှာတော့ နောက်ထပ် ပရီးမီးယားလိဂ်ကြယ်ပွင့်ဟောင်း တစ်ဦးကို ထပ်မံခေါ်ယူနိုင်ခဲ့ပြီဖြစ်ပါတယ်။ ဒါကြောင့် ဖာဘရီဂတ်စ်ရဲ့အသင်းအနေနဲ့ ဝါရင့်ကစားသမားတွေနဲ့ လူငယ်ကစားသမားတွေကို ပေါင်းစပ်နိုင်ခဲ့ပြီဖြစ်တာကြောင့် စီးရီးအေမှာ ဆက်လက်ရှင်သန်ဖို့ တောင့်တင်းတဲ့လူစာရင်းကို ပိုင်ဆိုင်ထားပြီလို့ဆိုရမှာဖြစ်ပါတယ်။
ဗာရာနီဟာ ရီးရဲလ်မက်ဒရစ်နဲ့အတူ ချန်ပီယံလိဂ်ဖလားတွေ ဆွတ်ခူးနိုင်ခဲ့သလို၊ ပြင်သစ်လက်ရွေးစင်အသင်းနဲ့ ကမ္ဘာ့ဖလားကိုရရှိခဲ့ပေမယ့် လက်ရှိကစားသမားဘဝကဏ္ဍအသစ်မှာတော့ ဖလားလက်မဲ့ရာသီတစ်ခုကို ဖြတ်သန်းသွားရဖို့ အလားအလားများနေပါတယ်။