ယူရိုကနေ ထွက်ခွာခဲ့ရပြီးနောက် လီဗာပူးကနေ ထွက်ခွာမယ့်အကြောင်း အရိပ်အမြွက်ပြောကြားလာတဲ့ ဗန်ဒိုက်
နယ်သာလန်အသင်းယူရိုပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပြီးနောက် လီဗာပူးနောက်ခံလူ ဗန်ဒိုက်က ကလပ်အသင်းနဲ့ နိုင်ငံအသင်းအနာဂတ်နဲ့ပတ်သက်လို့ သေချာလေးစဉ်စားရတော့မယ်လို့ ဝန်ခံပြောကြားလိုက်ပါတယ်။ ဝက်စ်ကင်းရဲ့နောက်ကျသွင်းဂိုးနဲ့အတူ အင်္ဂလန်အသင်းက အနိုင်ရရှိခဲ့ပြီး ဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့ပါတယ်။
ဗန်ဒိုက်နဲ့ လီဗာပူးတို့ကြား စာချုပ်သက်တမ်းက ၁ နှစ်သာ ကျန်တော့တာဖြစ်ပြီး ကလော့ပ်ထွက်ခွာမှုနဲ့အတူ ရာသီအကုန်မှာ အသင်းကနေထွက်ခွာနိုင်တယ်လို့ ယူဆမှုတွေရှိနေကြပါတယ်။ လီဗာပူးနည်းပြသစ် စလော့တ်ကတော့ ဗန်ဒိုက်ကို အသင်းမှာဆက်ထိန်းထားချင်နေပေမယ့် အနာဂတ်က မသေချာသေးတာဖြစ်ပါတယ်။
“ကျွန်တော်အခုချိန်မှာ ဘာစိတ်ကူးမှမရှိသေးပါဘူး။ အခုနွေရာသီမှာ သေချာလေးဂရုစိုက်စဉ်းစားရပါမယ်။ အသင်းဘက်က ကျွန်တော့်ကို လိုချင်လားဆိုတာရယ် နိုင်ငံအသင်းဘက်ကကော ကျွန်တော့်ကို လိုချင်လားဆိုတာရယ်ပေါ့။ အဲ့နောက် ကျွန်တော် အဲ့တာကို ပြန်လည်စဉ်းစားမှာပါ။ အခုတော့ အနားယူဖို့ စဉ်းစားနေပါတယ်။ ရာသီတစ်ခုပြီးတိုင်းမှာ ဒီလိုအရာတွေက ဖြစ်ပျက်တတ်ပါတယ်။ အဆုံးသတ်မှာ အဲ့တာက ခံစားရစေပါတယ်။ ဘာလို့လဲဆိုတော့ အဲ့တာကပြီးဆုံးနိုင်တယ်ဆိုတာ ခင်ဗျားသိတာကြောင့်ပါ”လို့ ဗန်ဒိုက်က ပြောကြားခဲ့ပါတယ်။
ဗန်ဒိုက်ကတော့ မကြာသေးခင်တုန်းက အသင်းရဲ့အပြောင်းအလဲမှာ ပါဝင်ချင်တယ်လို့ ပြောကြားထားခဲ့ပေမယ့် အခုချိန်မှာတော့ စိတ်ကူးပြောင်းလာခဲ့တာဖြစ်ပါတယ်။ ဗန်ဒိုက်က ကွင်းလယ်ဒိုင် ဖီးလစ်တစ်ယောက် အင်္ဂလန်အသင်းကို ပင်နယ်တီပေးခဲ့တာနဲ့ပတ်သက်ပြီး အံ့သြမိတယ်လို့ ပြောကြားခဲ့ပါတယ်။
“ပွဲအပြီးမှာ ကွင်းလယ်ဒိုင်က ဥမင်ထဲကို တန်းဝင်သွားပါတယ်။ အဲ့တာက အများကြီးအဓိပ္ပာယ်ရှိပါတယ်။ ကျွန်တော် လက်ဆွဲနှုတ်ဆက်ဖို့တောင် အချိန်မရခဲ့ပါဘူး။ ဒါပေမယ့် ပွဲကတော့ပြီးသွားခဲ့ပါပြီ။ ကျွန်တော်တို့အရေးနိမ့်ခဲ့ပြီး သေချာတဲ့အခိုက်အတန့်တွေမှာ အခွင့်အရေးတွေအသုံးမချနိုင်ခဲ့တာကြောင့်ပါ။ အထူးသဖြင့် ဒုတိယပိုင်းမှာ ကျွန်တော်တို့ပိုဆိုးခဲ့ပါတယ်။ ဒါပေမယ့် ဝက်စ်ဟမ်းရဲ့အဆုံးသတ်ကလည်း ကောင်းမွန်လွန်းတာပါ။ ဒီဂိုးပေးလိုက်ရတာက အများကြီးနာကျင်စေပါတယ်။ အခုတော့ ဆုဖလားလက်မဲ့ဖြစ်ခဲ့ပါပြီ။ ဒီလိုနောက်ကျဂိုးမတိုင်ခင် အရာအားလုံးပေးဆပ်ကစားခဲ့တာပါ။ အဲ့တာက နာကျင်ရပါတယ်”လို့ ဗန်ဒိုက်က ထပ်လောင်းပြောကြားခဲ့ပါတယ်။