The network connection is lost.

Banner Image

စီရော်နယ်ဒိုနဲ့ ပီပီတို့ရဲ့ အသင်းအပေါ်လွှမ်းမိုးနိုင်စွမ်းကို ချီးကျူးဂုဏ်ပြုလိုက်တဲ့ ပေါ်တူဂီနည်းပြမာတီနက်ဇ်

မနေ့ညပိုင်း၊ ယူရို-၂၀၂၄ အုပ်စုပွဲစဉ်အဖြစ် တူရကီကို ၃-၀ ဂိုးဖြင့် အနိုင်ယူပြီးနောက် ပေါ်တူဂီလက်ရွေးစင်အသင်းနည်းပြ ရော်ဘတ်တိုမာတီနက်ဇ်က ဝါရင့်ကစားသမားကြီးတွေဖြစ်တဲ့ စီရော်နယ်ဒို၊ ပီပီတို့ရဲ့အသင်းအပေါ်လွှမ်းမိုးနိုင်စွမ်းကို ချီးကျူးဂုဏ်ပြုလိုက်သလို ပရိသတ်တွေရဲ့ကွင်းတွင်း အကြိမ်ကြိမ်ကျူးကျော်ဝင်ရောက်မှုနဲ့ပတ်သက်လို့ သူ့ရဲ့စိုးရိမ်မှုကိုလည်း မှတ်ချက်ပြုပြောဆိုလိုက်ပါတယ်။

မာတီနက်ဇ်ရဲ့အသင်းက အုပ်စု(F)အဖွင့်ပွဲစဉ်နှစ်ပွဲလုံးကို အနိုင်ရရှိကာ ရှုံးထွက်အဆင့်ဆီ တက်ရောက်နိုင်ခဲ့ပြီး ဒီလိုစွမ်းဆောင်နိုင်မှုမှာ ဝါရင့်ကစားသမားကြီးနှစ်ဦးရဲ့ပံ့ပိုးကူညီပေးမှုကလည်း သိသာထင်ရှားခဲ့ပါတယ်။

စီရော်နယ်ဒိုက မနေ့ညပိုင်းပွဲစဉ်မှာ အသင်းအတွက် တတိယမြောက်သွင်းဂိုးကို ဖန်တီးပေးခဲ့သလို အသက်-၄၁ နှစ်အရွယ် ပီပီကလည်း ပေါ်တူဂီအသင်း Clean Sheet ရရှိအောင် ပွဲချိန် ၈၃ မိနစ်အထိ ပါဝင်ကစားပေးခဲ့ပါတယ်။

လက်ရှိမှာ စီရော်နယ်ဒိုက ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်နာဆာမှာ ကစားနေပြီး ပီပီကတော့ ပေါ်တူဂီပြည်တွင်းကလပ်ပေါ်တိုရဲ့အသင်းခေါင်းဆောင်အဖြစ် ဥရောပမှာပဲ ကျန်နေခဲ့ပါတယ်။ တူရကီကိုအနိုင်ရရှိတဲ့ ယူရိုအုပ်စုပွဲစဉ်အပြီး မာတီနက်ဇ်က သူ့ရဲ့ဗဟိုခံစစ်မှူးအတွက် ချီးကျူးစကားဆိုလာခဲ့ပါတယ်။

သူက “ ဒီပွဲစဉ်နဲ့ ပီပီကစားနေပုံကို သဘာဝကျကျကြည့်လိုက်မယ်ဆိုရင် သူ့အသက် ၄၁ နှစ်ရှိနေပြီဆိုတာ ယုံကြည်နိုင်စရာတောင် မရှိလှပါဘူး။ သူက ပရော်ဖက်ရှင်နယ်ကစားသမားဘဝအတွက် ဥပမာတစ်ရပ် ဖြစ်ပါတယ်။ သူ့ရဲ့ ပွဲကိုဖတ်ရှုနိုင်စွမ်း၊ သူ့ရဲ့ကစားပုံတွေက ပေါ်တူဂီဘောလုံးလောကအတွက်သာမက ကမ္ဘာ့ဘောလုံးလောကအတွက်ပါ ပြီးပြည့်စုံတဲ့ ဥပမာတစ်ရပ်ဖြစ်ပါတယ်”လို့ ပြောပါတယ်။

ဆက်လက်ပြီး အသက်-၃၉ နှစ်အရွယ် စီရော်နယ်ဒိုနဲ့ပတ်သက်လို့ မာတီနက်ဇ်က “ ကျွန်တော့်အတွက် အံ့မခန်းဖြစ်စေမယ့် တစုံတခုကို ဒီနေ့မှာ မြင်တွေ့ခဲ့ရတယ်လို့ ထင်ပါတယ်။ မေးခွန်းထုတ်စရာမလိုတဲ့ စီရော်နယ်ဒိုလိုတိုက်စစ်မှူးမျိုးက ပြိုင်ဘက်ဂိုးသမားရှေ့မှာရှိနေတတ်ပြီး ဘရူနိုဖာနန်ဒက်စ်အတွက် ဖန်တီးပေးပို့မှုတစ်ကြိမ် ပြုလုပ်ပေးခဲ့ပါတယ်။

ဒါက ပေါ်တူဂီဘောလုံးလောကအတွက် အလှပဆုံးအခိုက်အတန့်တစ်ခု ဖြစ်ပါတယ်။ ဒီလိုပုံစံမျိုးဆိုတာ ပေါ်တူဂီဘောလုံးလောကအတွင်းမှာရှိတဲ့ အကယ်ဒမီတွေသာမက ကမ္ဘာ့ဘောလုံးလောကမှာရှိတဲ့ အကယ်ဒမီတွေမှာပါ ပြသသင့်တဲ့ ဥပမာတစ်ရပ်ဖြစ်ပါတယ်။ အသင်းကသာ အရေးအကြီးဆုံးကိစ္စဖြစ်တယ် ဆိုတာပါပဲ။ အခုစီရော်နယ်ဒိုရဲ့ဂိုးဖန်တီးပေးမှုက ဂိုးတစ်ဂိုး သွင်းယူလိုက်နိုင်တာထက်ကို ပိုပြီးအဓိပ္ပါယ်ပြည့်ဝပါတယ်”လို့ ပြောပါတယ်။

ဆက်လက်ပြီး မာတီနက်ဇ်က သူတို့ရဲ့အသင်းခေါင်းဆောင်နဲ့ ဓါတ်ပုံတွဲရိုက်နိုင်ဖို့ ကွင်းတွင်းဆီ အကြိမ်ကြိမ်ကျူးကျော်ဝင်ရောက်လာတဲ့ ပရိသတ်တွေနဲ့ပတ်သက်လို့ သူ့ရဲ့စိုးရိမ်မှုကို ဖော်ပြလာပါတယ်။

ကွင်းတွင်းကျူးကျော်ဝင်ရောက်သူတွေကို ကွင်းလုံခြုံရေးတွေ တားဆီးနိုင်ဖို့ ကြိုးစားနေရခြင်းအတွက် ကျန်ပရိသတ်အများစုကြီးမှာ စိတ်ပျက်လက်ပျက်ဖြစ်နေခဲ့ရပါတယ်။ စီရော်နယ်ဒိုကိုယ်တိုင်လည်း သူဆီရောက်လာတဲ့ ပထမဆုံးပရိသတ်အတွက် စိတ်လိုလက်ရဓါတ်ပုံအတူတွဲရိုက်ပေးခဲ့ပေမယ့် နောက်ထပ်ဝင်ရောက်လာသူတွေကိုတော့ တွန်းထုတ်ဖယ်ရှားသွားခဲ့ပါတယ်။

မာတီနက်ဇ်က “ စိုးရိမ်စရာတစ်ခုဖြစ်ပါတယ်။ ဒီနေ့ ပရိသတ်တွေရဲ့ ရည်ရွယ်ချက်ကလည်း ကောင်းခဲ့ပါတယ်။ သူတို့ရဲ့စူပါအိုင်ဒေါကြီးအပေါ် အသိအမှတ်ပြုချင်တဲ့ ပရိသတ်တစ်ဦးကို ကျွန်တော်တို့အားလုံး ချစ်ခင်ကြပါတယ်။ 

ဒါပေမယ့် ပရိသတ်တွေရဲ့စိတ်ဆန္ဒက အခုအတိုင်းမဟုတ်ဘူးဆိုရင် ခက်ခဲတဲ့အခိုက်အတန့်တစ်ခု ဖြစ်လာမယ်ဆိုတာ နားလည်ထားရပါမယ်။ ကျွန်တော်တို့ ဂရုစိုက်သွားဖို့ လိုအပ်ပါတယ်။ လုံခြုံရေးဝန်ထမ်းတွေလည်း အများကြီးရှိနေလို့ အခုလိုမျိုး မဖြစ်ခဲ့သင့်ပါဘူး။

ဒါက နည်းမှန်လမ်းမှန်မဟုတ်လို့ ပရိသတ်တွေဆီကိုလည်း သတင်းစကားတစ်ခု ပေးပို့သင့်ပါတယ်။ ဒါက အနာဂတ်အတွက် အမှားအယွင်းတွေကို ပိုဖြစ်စေနိုင်ပါတယ်။ ကွင်းတွင်း ကစားသမားတွေအကြား ရောက်ရှိသွားတာမျိုးက သိပ်မကောင်းလှပါဘူး”လို့ ပြောပါတယ်။

လက်ရှိမှာ ပေါ်တူဂီအသင်းက ဂျော်ဂျီယာအသင်းနဲ့ အုပ်စုနောက်ဆုံးပွဲစဉ်ကစားရဖို့ ကျန်ရှိနေသေးပေမယ့် နောက်တစ်ဆင့်ဆီ တက်ရောက်နိုင်ခဲ့ပြီဖြစ်ကာ စပိန်လူမျိုးနည်းပြက သူ့အသင်းရဲ့အခွင့်အလမ်းတွေနဲ့ ပတ်သက်လို့ အကောင်းမြင်ထားခဲ့ပါတယ်။

မာတီနက်ဇ်က “ ကစားသမားတွေက သူတို့ရဲ့ပင်ကိုယ်စွမ်းရည်တောက်ပလာဖို့ ကူညီပေးနိုင်ရန်အလို့ငှာ နောက်တန်းလေးယောက်၊ နောက်တန်းငါးယောက် စသဖြင့် မတူညီတဲ့ကစားပုံတွေနဲ့ ကစားနိုင်စွမ်းရှိပါတယ်။ ဒါကြောင့် လေ့ကျင့်မှုနဲ့ ပြင်ဆင်မှုတွေမှာ ပြင်းပြင်းထန်ထန်ကြိုးစားအားထုတ်ဖို့ အရမ်းအရေးကြီးနေတာပဲ ဖြစ်ပါတယ်။ ကစားသမားတွေအနေနဲ့ နည်းစနစ်ပိုင်းဆိုင်ရာ လိုက်လျောညီထွေရှိနေဖို့ လိုအပ်ပါတယ်။ ဒါက နိုင်ငံ့လက်ရွေးစင်အသင်းအတွက် ကစားပေးချိန်မျိုးမှာ အရမ်းခက်ခဲနေလေ့ရှိပါတယ်”လို့ ပြောပါတယ်။