ဒန်အက်ရှ်ဝပ်ကို ထုတ်ပယ်ပြီးနောက် ယူနိုက်တက်ရဲ့ဖွဲ့စည်းပုံအကြောင်း ပြောကြားလိုက်တဲ့ ဗန်ဒါဆား
ဗန်ဒါဆားဟာ ၂၀၀၅ ခုနှစ်မှ ၂၀၁၁ ခုနှစ်အတွင်း ယူနိုက်တက်တွင် ကစားခဲ့ပြီး ပရီးမီးယားလိဂ်ဖလား ၄ ကြိမ်နှင့် ၂၀၀၈ ခုနှစ်တွင် ချန်ပီယံလိဂ်ဖလားတို့ရရှိပါတယ်။ ဂိုးသမားဟောင်းဟာ ၂၀၁၂ ခုနှစ်တွင် ကစားသမားဘဝမှ အနားယူပြီးနောက် နယ်သာလန်အသင်းကြီးရဲ့စျေးကွက်ရှာဖွေရေးဒါရိုက်တာအဖြစ်အေဂျက်စ်သို့ ပြန်လည်ရောက်ရှိခဲ့ပြီး ၂၀၁၆ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိကလပ်၏အမှုဆောင်အရာရှိချုပ်အဖြစ် ထမ်းဆောင်ခဲ့ပါတယ်။
ဗန်ဒါဆားဟာတာဝန်ကို ထမ်းဆောင်နေစဉ်အတွင်း ယူနိုက်တက်သို့ ပြန်လည်ရောက်ရှိရန် ချိတ်ဆက်မှုများရှိခဲ့ပါတယ်။ ဗန်ဒါဆားဟာ ဦးနှောက်သွေးယိုစီးမှုကြောင့် ဆေးရုံသို့မတက်မီ ရက်သတ္တပတ်အနည်းငယ်အလို အေဂျက်စ်တွင် ရလဒ်များဆိုးရွားခဲ့ပြီးနောက် ၂၀၂၃ ခုနှစ် မေလတွင် ရာထူးမှနုတ်ထွက်ခဲ့ပါတယ်။
ယခုအခါ အပြည့်အဝ ပြန်လည်ကောင်းမွန်လာပြီဟု ယုံကြည်ရတဲ့ အသက် ၅၄ နှစ်အရွယ် ဗန်ပါဆားက Sky Sports နှင့် အင်တာဗျူးတွင် ယူနိုက်တက်အား တိုးတက်အောင် ပူးပေါင်းလုပ်ဆောင်နေတဲ့ ဖွဲ့စည်းပုံအသစ်ရဲ့ အရေးကြီးပုံကို အသားပေးပြောကြားခဲ့ပါတယ်။
"အရာရာအားလုံး ချိတ်ဆက်ထားဖို့ အရေးကြီးဆုံးပါ၊ သေးငယ်တဲ့ အရာတစ်ခုက အလုပ်မလုပ်တဲ့အခါ ကျဆင်းသွားတာကို အေဂျက်စ်မှာ ကြုံဖူးပါတယ်"
"ယူနိုက်တက်မှာလည်း ဒီလိုဖြစ်ခဲ့တယ် ထင်ပါတယ်။ ဂလေဇာမိသားစုရဲ့ ဖွဲ့စည်းပုံက ရှင်းရှင်းလင်းလင်း ရှိတယ်လို့ ကျွန်တော် ထင်ပါတယ်။ ဘောလုံးဖွဲ့စည်းပုံနဲ့ စီအီးအိုရာထူးကိုလည်း အကြိမ်အနည်းငယ်သာ ပြောင်းဖူးတယ်လို့ ကျွန်တော်ထင်ပါတယ်" လို့ ဗန်ဒါဆားက ပြောပါတယ်။
အင်းနီးယော့က လုပ်ဆောင်ထားတဲ့ဖွဲ့စည်းပုံက နည်းပြသစ် အမ်မိုရင်နှင့် လက်တွဲပြီး အောင်မြင်မှုရရန် အကောင်းဆုံးအခွင့်အရေးကိုပေးရန် လိုအပ်ကြောင်း ဗန်ဒါဆားက မှတ်ချက်ပြုခဲ့ပြောကြားထားပါတယ်။
"ဟုတ်ပါတယ်၊ မန်နေဂျာတစ်ယောက်ဟာ ဇန်နဝါရီမှာ ကစားသမားတစ်ယောက် ဒါမှမဟုတ် နှစ်ယောက်လောက်ကို လိုချင်နေတာ ဖြစ်နိုင်ပါတယ်"
"အရေးကြီးဆုံးအရာက နည်းစနစ်ဒါရိုက်တာ၊ အားကစားဒါရိုက်တာတွေနဲ့ လိုက်လျောညီထွေရှိဖို့၊ ဘယ်အခြေအနေမှာ အစားထိုးရမယ် ပြောင်းလဲရမယ် ပေါင်းထည့်ရမယ်ဆိုတာ သိနိုင်စေဖို့အတွက်ပါ"
"ဆွေးနွေးမှုတွေရှိနေမှာ သေချာပါတယ်။ ဒါပေမယ့် အခုလိုအချိန်မှာ မန်နေဂျာတစ်ယောက်အနေနဲ့ လုပ်ဆောင်ဖို့ လိုအပ်ပြီး အခုလက်ရှိအနေအထားက မကောင်းမွန်တာကြောင့် ပွဲတွေကို အနိုင်ရဖို့ လိုအပ်ပါတယ်" လို့ ဗန်ဒါဆားက ပြောပါတယ်။
အားကစားဒါရိုက်တာ ဒန်အက်ရှ်ဝပ် ထုတ်ပယ်ခံရပြီးနောက် ဗန်ဒါဆာရဲ့ မှတ်ချက်တွေက ယူနိုက်တက်တွင် နောက်ထပ်အပြောင်းအလဲများ ဖြစ်ပေါ်နေမယ်လို့ ရည်ရွယ်နေပါတယ်။ စနေနေ့ညက အိုးထရက်ဖို့ဒ်တွင် နော်တင်ဟမ်ဖောရက်စ်ကို ၃-၂ ဂိုးဖြင့် ရှုံးနိမ့်ပြီးနောက် ယူနိုက်တက် စီအီးအို အိုမာဘရန်ဒါ နှင့် တွေ့ဆုံရာတွင် ဒန်အက်ရှ်ဝပ်ဟာ တာဝန်မှ အနားယူခဲ့ပါတယ်။
Mail Sport ရဲ့ ဖော်ပြချက်အရ အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ဆာဂျင်ရက်ဖ်ကလစ်နှင့် ဆာဒေ့ဗ်ဘရေးစ်ဖို့ဒ်တို့က တုန်လှုပ်ခြောက်ခြားဖွယ်ရာ ဆုံးဖြတ်ချက်ကို ချမှတ်ခဲ့ခြင်းဖြစ်ပါတယ်။ ယူနိုက်တက်ဟာ ဖေဖော်ဝါရီတွင် သူ့ကို အိုးထရက်ဖို့ဒ်သို့ ခေါ်ယူနိုင်ရေးအတွက် ပရီးမီးယားလိဂ်ပြိုင်ဘက် နယူးကာဆယ်ကို လျော်ကြေးငွေပေးပြီး ကြိုးစားခဲ့ရတာဖြစ်ပါတယ်။
အသက် ၅၃ နှစ်အရွယ်ရှိပြီဖြစ်တဲ့ အားကစားဒါရိုက်တာအတွက် လျော်ကြေးငွေ ပေါင် ၃ သန်းဝန်းကျင်ဖြင့် သဘောတူညီပြီးနောက် ဇူလိုင်လ ၁ ရက်နေ့မှာ ယူနိုက်တက်မှာ စတင်အလုပ်လုပ်ခဲ့ပါတယ်။ ယူနိုက်တက်သည် ယခုအချိန်တွင် သူ့ကိုလျော်ကြေးငွေ ပေးရမှာဖြစ်ပေမယ့် ၆ လမျှသာ တာဝန်ထမ်းဆောင်ခဲ့တာကြောင့် အနည်းငယ်လောက်သာ ပေးရမယ်လို့ ထင်ရပါတယ်။
ဒန်အက်ရှ်ဝပ်ဟာ အမှုဆောင်ချုပ်အသစ် အိုမာဘရန်ဒါ နှင့်အတူ ဇူလိုင်လတွင် ရက်ဖ်ကလစ်နှင့် ဆာဒေ့ဗ်ဘရေးစ်ဖို့ဒ်တို့မှ ခေါ်ယူခဲ့တဲ့ လူပုဂ္ဂိုလ်အများထဲတွင် ပါဝင်ခဲ့ပါတယ်။ အမှုဆောင်အရာရှိများအဖြစ် နည်းပညာဒါရိုက်တာ ဓျေဆင်ဝဲလ်ကော့၊ လူသစ်ဆောင်းရေးဆိုင်ရာ ယာယီဒါရိုက်တာ ခရစ္စတိုဖာဗီဗယ် နှင့် စီအီးအို အလှည့်ကျ ဒါရိုက်တာ ကလောက်ဒီဘလန့်တို့က ပူးပေါင်းပါဝင်ခဲ့ပါတယ်။
အမ်မိုရင်အား တန်ဟက်ရဲ့နေရာကို အစားထိုးရာတွင် ဒန်အက်ရှ်ဝပ်က ဘရန်ဒါထက် စိတ်အားထက်သန်မှုနည်းပါးပြီး အင်္ဂလိပ်နည်းပြတစ်ဦးကိုသာ ပိုမိုနှစ်သက်ခဲ့တာဖြစ်ပါတယ်။ ဗန်ဒါဆားဟာ အေဂျက်ဇ်အသင်းတွင် ရှိနေစဉ်အတွင်း ရူဘင်အမ်မိုရင်ကို သိရှိခဲ့ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပြီး နယ်သာလန်သားဟာ လူငယ်လိဂ်ပွဲစဉ်တစ်ခုတွင် စပို့တင်းလစ္စဘွန်းနည်းပြဟောင်းနှင့် စကားပြောဆိုခဲ့ဖူးတာဖြစ်ပါတယ်။
"ရူဘင်နဲ့ လွန်ခဲ့တဲ့ လေးငါးနှစ်လောက်က တွေ့ခဲ့ပါတယ်။ အဲ့ဒီတုန်းက ကျွန်တော်တို့အသင်း စပို့တင်းလစ္စဘွန်းနှင့် ကစားခဲ့တာဖြစ်ပြီး သူက စပို့တင်းရဲ့မန်နေဂျာဖြစ်နေခဲ့ပါတယ်"
"ကျွန်တော်က ယူ ၁၉ လူငယ်လိဂ်ပွဲကို ကြည့်နေတုန်း သူလည်း အဲဒီမှာပဲ ရှိနေတော့ ကျွန်တော် သူနဲ့ စကားကောင်းကောင်း ပြောဖြစ်ခဲ့ပါတယ်။ သူက ပွင့်လင်းတဲ့ သူတစ်ယောက်လို့ ကျွန်တော်ထင်ပါတယ်။ သူ့ဟာ ပွင့်လင်းသလို အင်္ဂလိပ်စကားလည်း ကောင်းကောင်း ပြောနိုင်ပါတယ်" လို့ ဗန်ဒါဆားက ပြောပါတယ်။
ဖောရက်စ်ကို အိမ်ကွင်းမှာ ၃-၂ နဲ့ ရှုံးနိမ့်ပြီးနောက် ပရီးမီးယားလိဂ်မှာ ယူနိုက်တက်က အဆင့် ၁၃ နေရာမှာ ရပ်တည်နေပါတယ်။ သရဲနီတွေဟာ ကြာသပတေးနေ့မှာ ယူရိုပါလိဂ်ပွဲစည်အဖြစ် ဗစ်တိုးရီးယားပယ်ဇန်နှင့် ရင်ဆိုင်ကစားပြီးနောက် တနင်္ဂနွေနေ့မှာ မန်ချက်စတာဒါဘီအဖြစ် မန်စီးတီးနဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။