The network connection is lost.

Banner Image

လွန်ခဲ့တဲ့ ၇ နှစ်က ပေါ်တူဂီကြယ်ပွင့် နက်တိုကို ခေါ်ယူဖို့ အလွန်နီးစပ်ခဲ့ဖူးတဲ့ ယူနိုက်တက်

မန်ချက်စတာယူနိုက်တက်ဟာ လက်ရှိယူရို ၂၀၂၄ ပြိုင်ပွဲမှာ ပေါ်တူဂီနဲ့အတူ ပါဝင်ယှဉ်ပြိုင်နေတဲ့ ဝုဗ်တိုက်စစ်မှူး ပက်ဒရိုနက်တိုကို လွန်ခဲ့တဲ့ ၇ နှစ်လောက်က အိုးလ်ထရက်ဖို့ဒ်သို့ ခေါ်ယူနိုင်ဖို့ အလွန်နီးစပ်ခဲ့ဖူးတယ်လို့သိရပါတယ်။

The Athletic ရဲ့ဖော်ပြချက်အရ ၂၀၁၇ ခုနှစ်မှာ ယူနိုက်တက်ရဲ့ ကင်းထောက်တွေဟာ ပေါ်တူဂီကလပ် ဘရာဂါလူငယ်အသင်းမှာ ပါဝင်ကစားနေတဲ့ နက်တိုကို အနီးကပ်စောင့်ကြည့်ခဲ့ကြတယ်လို့သိရပါတယ်။ ဒါ့အပြင် ယူနိုက်တက်ဟာ ပေါ်တူဂီသားကို အသင်းရဲ့လေ့ကျင့်ရေးကွင်း ကာရင်တန်သို့ဖိတ်ကြားခဲ့ပြီး အကယ်ဒမီပွဲစဉ်တစ်ခုကိုပါ ပါဝင်ကစားစေခဲ့တာဖြစ်ပါတယ်။

ယူနိုက်တက်ဟာ ကစားသမားကို အသင်းမှာ လေ့ကျင့်ရေးဆင်းစေဖို့အတွက် ပေါ်တူဂီကလပ်ထံ လျော်ကြေးငွေပေးဆောင်ရာမှာ ကြန့်ကြာနေခဲ့ပြီး နောက်ပိုင်းမှာတော့ ကစားသမားဟာ ဘရာဂါအသင်းနဲ့ပဲ ပရော်ဖက်ရှင်နယ်စာချုပ်ကို ချုပ်ဆိုသွားခဲ့တာဖြစ်ပါတယ်။ ထို့နောက်မှာတော့ ကစားသမားဟာ စီးရီးအေကလပ် လာဇီယိုသို့ အငှားစာချုပ်နဲ့သွားရောက်ကစားခဲ့ကာ ၂၀၁၉ ခုနှစ်မှာတော့ ဝုဗ်သို့ အပြီးအပိုင်ပြောင်းရွှေ့ခဲ့ပါတယ်။

ယခုအခါမှာတော့ အသက်-၂၄ နှစ်အရွယ် ကစားသမားဟာ ဝုဗ်ရဲ့အဓိက အစိတ်အပိုင်းဖြစ်နေပြီး တိုက်စစ်မှာ အထူးခြေစွမ်းပြကစားနေတာကြောင့် အသင်းကြီးတွေရဲ့ပစ်မှတ်ထားခြင်းကို ခံနေရပြီဖြစ်ပါတယ်။ သို့သော်လည်း ပြီးခဲ့တဲ့ ၂၀၂၃-၂၄ ရာသီမှာတော့ ကစားသမားဟာ ဒဏ်ရာပြဿနာကြောင့် ပွဲထွက်ခွင့်အပြည့်အဝမရခဲ့ဘဲ ပြိုင်ပွဲစုံ ၂၄ ပွဲသာ ပါဝင်ကစားနိုင်ခဲ့ပြီး ၃ ဂိုးသွင်းကာ ဂိုးဖန်တီးမှု ၁၁ ကြိမ်ပြုလုပ်ခဲ့ပါတယ်။

ယခုနွေရာသီမှာ ဆော်ဒီပရိုလိဂ်သို့ထွက်ခွာဖို့ စိတ်အားထက်သန်နေတဲ့ မိုဟာမက်ဆာလက်ကြောင့် တိုက်စစ်မှူးသစ်ရှာဖွေနေတဲ့ လီဗာပူးဟာ နက်တိုကို ခေါ်ယူဖို့ ချိတ်ဆက်မှုတွေပြုလုပ်ထားတယ်လို့သိရပါတယ်။ လက်ရှိအချိန်မှာ ပေါ်တူဂီလက်ရွေးစင် အသင်းနဲ့အတူ ယူရို ၂၀၂၄ မှာပါဝင်ယှဉ်ပြိုင်နေတဲ့ နက်တိုကတော့ ပြင်သစ်နဲ့ ထိပ်တိုက်တွေ့ဆုံသွားမယ့် ကွာတားဖိုင်နယ်ပွဲစဉ်ကိုသာ အဓိက အာရုံစိုက်နေမှာဖြစ်ပါတယ်။