The network connection is lost.

Banner Image

အမ်မရာဘတ်ရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး တစ်ပတ်အတွင်းမှာပဲ ဆုံးဖြတ်သွားမယ့် ယူနိုက်တက်

ယူနိုက်တက်အသင်းဟာ ဖီအိုရင်တီးနားအသင်းကနေ အငှား + အပြီးသတ် ခေါ်ယူခွင့်တို့နဲ့ ခေါ်ယူထားတဲ့ မော်ရိုကို ကွင်းလယ်ကစားသမား ဆိုဖီယန် အမ်မရာဘတ်ကို အပြီးသတ် ခေါ်ယူမယူဆိုတာနဲ့ ပတ်သက်ပြီး ဒီတစ်ပတ်အတွင်းမှာပဲ ဆုံးဖြတ်ချက် ချမှတ်သွားတော့မယ်လို့ သိရပါတယ်။

ယူနိုက်တက်ဟာ အသက် ၂၇နှစ်အရွယ် ကွင်းလယ်လူ အမ်မရာဘတ်ကို ပြီးခဲ့တဲ့ ဘောလုံးရာသီကမှ ဖီအိုရင်တီးနားကနေ တစ်ရာသီအငှား + ပေါင် ၂၁သန်းတန် အပြီးသတ် ခေါ်ယူခွင့်တို့နဲ့ ခေါ်ယူခဲ့တာဖြစ်ပြီး အမ်မရာဘတ်ကလည်း ပြီးခဲ့တဲ့ရာသီက ယူနိုက်တက်အတွက် ပြိုင်ပွဲစုံ ပွဲပေါင်း ၃၀အထိ ပါဝင်ကစားခဲ့ရပါတယ်။

၂၀၂၂ ကာတာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ မော်ရိုကိုအသင်းနဲ့အတူ အကောင်းဆုံး တောက်ပနိုင်ခဲ့တဲ့ အမ်မရာဘတ်ဟာ ယူနိုက်တက်အသင်းမှာတော့ ခြေစွမ်းပြသဖို့ ရုန်းကန်ခဲ့ရပြီး ဘောလုံးရာသီ ကုန်ဆုံးခါနီးလောက်မှသာ သူရဲ့ ပုံမှန်ခြေစွမ်းတွေ ပြန်လည် ပြသနိုင်ခဲ့တာ ဖြစ်သလို ယူနိုက်တက်တို့ အက်ဖ်အေဖလား ရယူနိုင်ခဲ့တုန်းကလည်း သူရဲ့ စွမ်းဆောင်မှုတွေက အတော်လေး အရေးပါခဲ့ရပါတယ်။

ကနဦးပိုင်းတုန်းကတော့ ယူနိုက်တက်က အမ်မရာဘတ်ရဲ့ အငှားသက်တမ်း ကုန်ဆုံးသွားရင် ဖီအိုရင်တီးနားဆီကို ပြန်ပို့ဆောင်ဖို့ စီစဉ်ထားခဲ့ပေမယ့်လည်း အမ်မရာဘတ်က ရာသီနှောင်းပိုင်းလောက်မှာ အသင်းနဲ့ အံ့ဝင်လာအောင် ကစားပြလာနိုင်တာကြောင့် ယူနိုက်တက်ဘက်ကနေ အမ်မရာဘတ်ရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး ပြန်လည် စဉ်းစားလာခဲ့ရပါတယ်။

ယူနိုက်တက်က ဒီနွေမှာ ကက်စီမဲရိုး အဲရစ်ဆင်တို့ကို လက်လွတ်သွားရဖို့ ရှိနေသလို ဗန်ဒီဘိခ်ကိုလည်း ဂျီရိုနာအသင်းဆီ ရောင်းချထားခဲ့တာကြောင့် ကွင်းလယ်ပိုင်းအတွက်က ကစားသမားသစ် အားဖြည့်မှုတွေ လိုအပ်လာနိုင်ပြီး အဲ့ဒီအတွက် ပေါင် ၂၁သန်းသာ အသုံးပြုပြီး ခေါ်ယူနိုင်မယ့် အမ်မရာဘတ်ကို အပြီးသတ် ခေါ်ယူမလားဆိုတာ စဉ်းစားနေပါတယ်။

ကစားသမားကိုယ်တိုင်ကလည်း ဖီအိုရင်တီးနားကနေ ယူနိုက်တက်ဆီ အပြီးသတ် ပြောင်းရွှေ့ချင်နေသလို ယူနိုက်တက်ကလည်း အမ်မရာဘတ်ကို အပြီးသတ် ခေါ်ယူဖို့ အစီအစဉ် ရှိနေပေမယ့် အမ်မရာဘတ်ရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး ရှင်းရှင်းလင်းလင်း သိရဖို့အတွက် ဒီတစ်ပတ်အတွင်းမှာပဲ အသေအချာ ဆုံးဖြတ်သွားဖို့ ရှိနေပါတယ်။