The network connection is lost.

Banner Image

လုခ်ရှောနဲ့ ဘစ်ဆာကာတို့ ပြန်လာနိုင်မယ့် အချိန်တွေကို ထုတ်ဖော်လာခဲ့တဲ့ ယူနိုက်တက်

မန်ချက်စတာယူနိုက်တက်ရဲ့ အဓိကနောက်ခံလူတွေဖြစ်ကြတဲ့ လုခ်ရှောနဲ့ ဝမ်ဘစ်ဆာကာတို့က ကာလရှည်ကြာ အနားယူရဦးမှာဖြစ်ပြီး ဒဏ်ရာရ ကစားသမားတွေများပြားနေတဲ့ အသင်းရဲ့ လူစာရင်းကြောင့် အဲရစ်တန်ဟက်အတွက်တော့ ထိချက်ပြင်းတဲ့ထိုးနှက်တွေနဲ့ ဆက်တိုက်ကြုံတွေ့‌နေရတာဖြစ်ပါတယ်။
 
ယမန့်နေ့က ချန်ပီယံလိဂ် အုပ်စုအဆင့်ပွဲစဉ်အဖြစ် ဘိုင်ယန်မြူးနစ်နဲ့ယှဥ်ပြိုင်ခဲ့တဲ့ပွဲစဉ်မှာ ယူနိုက်တက်ဟာ စီနီယာကစားသမား ၁၂ ဦးအထိ ချန်လှပ်ခဲ့ရတာကြောင့် ၄-၃ နဲ့ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။ ဒဏ်ရာရ ကစားသမားတွေများပြားနေတာကြောင့် အဆိုပါ ချန်ပီယံလိဂ်အဖွင့်ပွဲစဉ်မှာ ယူနိုက်တက်နည်းပြ အဲရစ်တန်ဟက်ဟာ ဂိုးသမား ၃ ဦးအထိ အရန်ခုံတန်းမှာ ထည့်သွင်းခဲ့ရပါတယ်။
 
ယူနိုက်တက်ရဲ့ ဒဏ်ရာရလူစာရင်းထဲသို့ ရှောနဲ့ဘစ်ဆာကာတို့ဟာ မကြာသေးမီ ရက်သတ္တပတ်များကပဲ ဝင်ရောက်လာခဲ့ပါတယ်။ ဘယ်နောက်ခံလူရှောဟာ တော့တင်ဟမ်ကို ၂-၀ နဲ့ရှုံးနိမ့်ခဲ့တဲ့ ရာသီအစ ဒုတိယပွဲစဉ်မှာကတည်းက ဒဏ်ရာရရှိသွားခဲ့တာဖြစ်ပြီး ESPN ရဲ့အဆိုအရ အင်္ဂလန်လက်ရွေးစင် ကစားသမားဟာ အနည်းဆုံး နိုဝင်ဘာလမှာ ကျင်းပမယ့် နိုင်ငံတကာပွဲစဉ်များအထိ ဆေးကုသမှုခံယူရဦးမယ်လို့ သိရှိရပါတယ်။
 
ဘရိုက်တန်နဲ့ပွဲစဉ်မှာ လူစားဝင်ကစားသမားအဖြစ်ပါဝင်ခဲ့တဲ့ ညာနောက်ခံလူ ဝမ်ဘစ်ဆာကာရဲ့ တံကောက်ကြောဒဏ်ရာကလည်း ထင်ထားထက် ပိုမိုဆိုးရွားနေကြောင်းတွေ့ရှိခဲ့ရတာကြောင့် ခရစ္စတယ်ပဲလေ့စ်ကစားသမားဟောင်းဟာ ၂ လကျော်အထိအနားယူရနိုင်ချေရှိတယ်လို့ ESPN ကဆိုပါတယ်။
 
သို့သော် တနင်္ဂနွေနေ့မနက်မှာယှဉ်ပြိုင်မယ့် ဘန်လေနဲ့ပွဲစဥ်အတွက် လူစာရင်းဖြည့်တင်းမှုတွေ ပြုလုပ်နေတဲ့ အဲရစ်တန်ဟက်အတွက် ကောင်းမွန်တဲ့ သတင်းတွေလည်းရှိပါသေးတယ်။ ကွင်းလယ်လူမေဆင်မောင့်နဲ့ ဗဟိုနောက်ခံလူ ဗာရာနီတို့က ဒဏ်ရာမှပြန်လည် သက်သာလာတာကြောင့် ဘန်လေနဲ့ပွဲစဉ်မှာ လူစားဝင်ကစားသမားတွေအဖြစ် ပါဝင်နိုင်ဖို့ အခွင့်အရေးရှိနေတယ်လို့သိရှိရပါတယ်။
 
ဘိုင်ယန်မြူးနစ်သို့ထွက်ခွာခဲ့တဲ့ ခရီးစဉ်မှာ ပါဝင်နိုင်ခဲ့ခြင်းမရှိတဲ့ အဆိုပါကစားသမားနှစ်ဦးဟာ ယခုအခါမှာ အသင်းရဲ့လေ့ကျင့်ရေးကွင်းသို့ပြန်လည် ရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။ ယူနိုက်တက်ဟာ ဘန်လေနဲ့ပွဲစဉ်ကို အနိုင်ကစားပြီး ဆက်တိုက်ဆိုးရွားနေတဲ့ ရလဒ်တွေမှ ပြန်လည်ရုန်းထွက်နိုင်မယ်လို့ မျှော်လင့်နေပါတယ်။ လက်ရှိမှာ အဲရစ်တန်ဟက်ရဲ့ အသင်းဟာ ပြိုင်ပွဲစုံ နောက်ဆုံး ၃ ပွဲဆက် ရှုံးနိမ့်ထားပြီး ပရီးမီးယားလိဂ်အမှတ်ပေးဇယားရဲ့ အဆင့် ၁၃ နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။